ရေကြောင်းကုန်ပစ္စည်း၊ ရေယာဉ်ကိုယ်ထည်နှင့် လူ့အသက်ဆုံးရှုံးခဲ့သူများအတွက် ဆုံးရှုံးနစ်နာမှုလျော်ကြေး ပေးအပ်သည့် အခမ်းအနား

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံအကာအကွယ်များ ဝယ်ယူထားရှိပြီး ရေကြောင်းကုန်ပစ္စည်း၊ ရေယာဉ်ကိုယ်ထည်နှင့် လူ့အသက်ဆုံးရှုံးခဲ့သူများ အတွက် ဆုံးရှုံးနစ်နာမှုလျော်ကြေးပေးအပ်သည့် အခမ်းအနားကို ရန်ကုန်မြို့၊ မြန်မာ့အာမခံ လုပ်ငန်း(ရုံးချုပ်) စတုတ္ထထပ်အစည်းအဝေးခန်းမ၌ ၄-၈-၂၀၁၇ ရက်နေ့ ၁၅:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဆုံးရှုံးနစ်နာမှုလျော်ကြေးများ လက်ခံရယူရန် ကုန်ပစ္စည်းပိုင်ရှင်များ၊ ရေယာဉ်ပိုင်ရှင်နှင့် သင်္ဘောသားအသက်အာမခံထားရှိသူများ၏ အကျိုးခံစားခွင့်ရှိသူများ၊ မြန်မာ့အာမခံလုပ်ငန်းဌာနအသီးသီးမှ ဌာနအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် နိုင်ငံပိုင် မြန်မာ့အာမခံ လုပ်ငန်းတွင် အာမခံအကာအကွယ်ရယူလိုသော စီးပွားရေးလုပ်ငန်းရှင်များ၊ အာမခံထားရှိသူ များသို့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးနစ်နာမှုများအတွက် လျော်ကြေးပေးအပ်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယခုအခမ်းအနားတွင် သင်္ဘောသားအသက်အာမခံလုပ်ငန်းမှ အာမခံသက်တမ်းအတွင်း ကွယ်လွန်သူသင်္ဘောသား တစ်ဦးလျှင် ကျပ်သိန်း ၅၀ ဖြင့် ကွယ်လွန်သူ ၃ ဦးအတွက် အကျိုးခံစားခွင့် ကျပ်သိန်း ၁၅၀ နှင့် ၂၄-၆-၂၀၁၇ ရက်နေ့ MV- ပြည့်ဟိန်းရေယာဉ်နစ်မြုပ်မှုတွင် ရေကြောင်းကုန်ပစ္စည်းအာမခံထားရှိသူ ကုန်ပစ္စည်းပိုင်ရှင် တစ်ဦး၊ ပေါ်လစီစောင်ရေ ၁ စောင်အတွက် လျော်ကြေးငွေ ကျပ်သိန်း ၈၀၀၊ စုစုပေါင်း လျော်ကြေးငွေ ကျပ်သိန်း ၉၅၀ ကို ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်မှ သြဂုတ်လ ၄ ရက်အထိ အသက်အာမခံဌာနမှ သင်္ဘောသားအသက်အာမခံထားရှိသူ ၈ ဦးအတွက် ကျပ်သိန်း ၄၀၀ နှင့် ရေလေခရီးသွားအာမခံဌာနမှ ရေယာဉ်လုပ်ငန်းရှင် တာဝန်ရှိမှု အာမခံထားရှိသူ ၁ ဦးအတွက် ကျပ် ၅ သိန်း၊ ခရီးသွားအာမခံလျော်ကြေး သေဆုံး ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၈ ဦးအတွက် လျော်ကြေးငွေ ကျပ်သိန်း ၁၂၇၊ ရေယာဉ်ကိုယ်ထည်အာမခံ လျော်ကြေးငွေ ကျပ်သိန်း ၂၈ နှင့် ရေကြောင်းကုန်ပစ္စည်းအာမခံ လျော်ကြေးငွေ ကျပ်သိန်း ၄၁၄၄၊ စုစုပေါင်း ကျပ်သိန်း ၄၇၀၄(ကျပ်သိန်း လေးထောင့်ခုနစ်ရာလေးသိန်း)ကို ပေးလျော်ခဲ့ ပြီးဖြစ်ပါကြောင်းနှင့် မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံလုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ လက်ခံဆောင်ရွက်ပေးနေသကဲ့သို့ ကံမကောင်းအကြောင်းမလှ၍ နစ်နာဆုံးရှုံးမှုဖြစ်ပွားသူများ ကိုလည်း နစ်နာကြေး၊ လျော်ကြေးငွေများ လျင်မြန်စွာ စိစစ်ထုတ်ပေးခြင်းဖြင့် အာမခံလုပ်ငန်း အပေါ် ပြည်သူများ ပိုမိုယုံကြည်အားကိုးလာကာ ပြည်သူတို့၏အကျိုးစီးပွားနှင့် နိုင်ငံတော် အကျိုးစီးပွားကို ဆထက်ထမ်းပိုး ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ အာမခံလျော်ကြေး၊ နစ်နာကြေးလက်ခံရရှိသူများမှလည်း ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာ လျော်ကြေးပေးအပ်ပွဲအခမ်းအနားအား ၁၆:၃၀ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။