စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ ပြည်နယ်/တိုင်းဒေသကြီးနှင့် ခရိုင်ရုံးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လုပ်အားယှဉ်ပြိုင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား (၆.၁၁.၂၀၁၉ မှ ၇.၁၁.၂၀၁၉) အထိ

မြန်မာ့အာမခံလုပ်ငန်း၊ ပြည်နယ်/တိုင်းဒေသကြီးနှင့် ခရိုင်ရုံးများ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ခဲ့မှုများ သုံးသပ်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို (၆-၁၁-၂၀၁၉ မှ ၇-၁၁-၂၀၁၉) ရက်နေ့အထိ ကျင်းပခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒေါက်တာစန္ဒာဦးနှင့် ဌာနအကြီးအကဲများ၊ ပြည်နယ်/ တိုင်းဒေသကြီးနှင့် ခရိုင်ရုံးခွဲ တာဝန်ခံများ၊ ရုံးချုပ်မှ အရာထမ်းများ တက်ရောက်ခဲ့ပါသည်။

ယင်းအခမ်းအနားတွင် ဒုတိယဝန်ကြီးက မိမိတို့ဌာနသည် နိုင်ငံတော်၏ ဘဏ္ဍာငွေများ ရှာဖွေရာတွင် အဓိကတာဝန်ယူ ဆောင်ရွက်နေရသော ဝန်ကြီးဌာနကြီးဖြစ်ပြီး နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း၊ ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာမခံလုပ်ငန်းအနေဖြင့် ပြည်သူ့အတွက် အားထားရသော အာမခံအကာအကွယ်များ ပြည့်ပြည့်ဝဝ ပေးနိုင်အောင် ပိုမို ကြိုးစားကြစေလိုပါ ကြောင်း၊ ယခုအခါ နိုင်ငံခြားအသက်အာမခံ ကုမ္ပဏီများ၊ အထွေထွေအာမခံ ကုမ္ပဏီများကို ခွင့်ပြုထားပြီး ရာနှုန်းပြည့် Joint Venture ပုံစံဖြင့် ခွင့်ပြုမည် ဖြစ်သည့်အတွက် ၎င်းတို့နှင့် အပြိုင် စီးပွားရေးဆန်ဆန် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မြန်မာ့အာမခံလုပ်ငန်းမှ အရာထမ်း/ အမှုထမ်းများအနေဖြင့်လည်း ဌာန စည်းမျဉ်း စည်းကမ်းများကို လိုက်နာ စောင့်ထိန်းပြီး ယှဉ်ပြိုင်မှု စွမ်းရည် မြှင့်တင်ရမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တစ်နှစ်တာ ကာလ အကောင်အထည်ဖော်မှုမှာ စွမ်းဆောင်ရည် မြင့်မားခဲ့ပါကြောင်း၊ ယခုနှစ်ချုပ် အစည်း အဝေးမှ အားသာချက်များ၊ အားနည်းချက်များ၊ အကြံဉာဏ်ကောင်းများကို သုံးသပ်၍ လာမည့် နှစ်များတွင်လည်း ယခုလို အောင်မြင်အောင် ဆက်လက် ကြိုးစားကြပြီး နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးအတွက် အားကိုးရသော စွမ်းရည်ပြည့်ဝပြီး တာဝန်ကျေသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် အမြဲကြိုးပမ်း ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး လုပ်ငန်းအလိုက် ဘက်စုံထူးချွန်ဆုနှင့် လုပ်အားယှဉ်ပြိုင် ထူးချွန်ဆု ရရှိခဲ့ကြသော နယ်ရုံးခွဲတာဝန်ခံများနှင့် လုပ်ငန်းရှာဖွေမှုတွင် တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်ပေးကြသော အာမခံလုပ်ငန်း ကိုယ်စားလှယ်ကြီးများကို ဒုတိယဝန်ကြီးနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ပဉ္စမထပ်ရှိ စာကြည့်တိုက်အားလည်း ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

 

မြန်မာ့အာမခံလုပ်ငန်း