၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဥ်းသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးခြင်း

နေပြည်တော် စက်တင်ဘာလ ၁၈

     ၂၀၁၈−၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဥ်းသည့် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ၂၀၁၈−၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ(မူကြမ်း)ပါကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဥက္ကဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့မှ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြင်ဆင်ချက် အဆိုတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဥပဒေနှင့်မူဝါဒရေးရာ)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။