မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၁) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

နေပြည်တော် ၊ ဒီဇင်ဘာ ၁၈

     စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၈၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၌ ကျင်းပရာ အခမ်းအနားသို့ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာန အောက်ရှိဦးစီးဌာနများမှ ညွန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။

     အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သင်တန်းဖွင့်အမှာစကား ပြောကြားရာ၌ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ဝန်ထမ်းများအား အခွန်ဆိုင်ရာကိစ္စရပ်များတွင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်လျက်ရှိကြောင်း၊  သင်တန်းမှရရှိလာမည့် အသိအမြင်၊ ဗဟုသုတများဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် အခွန်စည်းကြပ်ကောက်ခံရေး လုပ်ငန်း တာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း၊ ယခုသင်တန်းတွင် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ခေတ်နှင့်အညီ ပြုပြင် ပြောင်းလဲနေသည့် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုအခြေအနေများ၊ စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာ စာရင်းစစ်ဆေးခြင်း၊ ICT နည်းပညာကို အသုံးပြု၍ အခွန်စည်းကြပ်ကောက်ခံခြင်းဆိုင်ရာကိစ္စရပ်များ၊ လက်တွေ့လုပ်ငန်းတွင် တွေ့ကြုံရမည့်အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်သည့်နည်းလမ်းများ ကို လက်တွေ့နှင့်စာတွေ့ပေါင်းစပ်ပြီး သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ အခွန်ဆိုင်ရာ ဘာသာရပ်များအပြင် နည်းပြများက လုပ်ငန်းဆောင်ရွက်မှုအတွေ့အကြုံများကိုပါ ယှဉ်တွဲပို့ချပေးမည် ဖြစ်၍ သင်တန်းသားများအနေဖြင့် အခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းတွင် မရှင်းလင်းသည်များ၊ ဒွိဟဖြစ်နေသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးနိုင်သည့်အခွင့်အလမ်းများ ရရှိ နိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူးများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများတွင် အခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက်နေကြသူများဖြစ်၍ အခွန်ငွေ များအား လျာထားချက်ပြည့်မီကျော်လွန်စွာ ကောက်ခံနိုင်ရေးအတွက် အားထုတ်ကြိုးပမ်းကြစေ လိုကြောင်း၊ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာကိစ္စရပ်များ သိရှိနားလည်သဘောပေါက် လာအောင် အသိပညာပေးစည်းရုံးဆောင်ရွက်သွားကြရန်လိုကြောင်း စသည်တို့ကို ဆွေးနွေးမှာကြား ခဲ့သည်။

     ယခုဖွင့်လှစ်သည့် သင်တန်းသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၈၀) ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၈) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။