မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၇၉) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း

နေပြည်တော် ၊ ဩဂုတ် ၄

 

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ၄-၈-၂၀၂၃ ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၇၉) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြို့နယ်အခွန်ဦးစီးဌာနမှူး များအနေဖြင့် သင်တန်းတွင်ပို့ချပေးခဲ့သည့် အခွန်ဆိုင်ရာဘာသာရပ်များကို လေ့လာမှတ်သား၍ လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူပြီး၊ အဓိကတာဝန်ဖြစ်သော နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများအား လျော့နည်းလွတ်ကင်းမှုမရှိဘဲ သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ ပြည့်ပြည့်ဝဝကောက်ခံနိုင်ရေး ကြိုးပမ်းဆာင်ရွက်ကြရန်ဖြစ်ကြောင်း၊ အခွန်လျှော့ပေါ့ခွင့်၊ အခွန်သက်သာခွင့်ပြုခြင်းများနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ အထူးသတိပြုဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထို့အတူ အခွန်အခြေတိုးချဲ့နိုင်ရန် ဖြစ်နိုင်ခြေဧရိယာများကို ရှာဖွေဖော်ထုတ်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊  အခွန်ထမ်းပြည်သူများက တာဝန်သိစွာပေးဆောင်သောအခွန်ငွေ များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေး၊ လူမှုရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍ များအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိရှိ ခွဲဝေသုံးစွဲဆောင်ရွက်နေသည်ကို အခွန်ထမ်းပြည်သူများ သိရှိနားလည်သဘောပေါက်လာအောင် အသိပညာပေးစည်းရုံးဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနဝန်ထမ်းများအနေဖြင့် စိတ်ဓာတ် စည်းကမ်းကောင်းမွန်ရန်နှင့် ဌာန၏ဂုဏ်သိက္ခာမြင့်မားလာရေးအတွက် အားလုံးက စည်းလုံး ညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရှင်းလင်းလွယ်ကူသော အခွန်စနစ်များ ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီ သောအခွန်ဌာနတစ်ခုဖြစ်လာစေရန် ဦးတည်အကောင်အထည်ဖော်လျက်ရှိရာ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် သင်တန်းသား/သင်တန်းသူများအပါအဝင် အခွန်ဝန်ထမ်းများအားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။

ယခုဖွင့်လှစ်ခဲ့သောသင်တန်းတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်ငွေများကို ကောက်ခံရာ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေ၊ တံဆိပ်ခေါင်းခွန်ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ဆက်စပ်သည့်ဥပဒေပြဋ္ဌာန်းချက်များ၊ အောင်ဘာလေသိန်းဆုခွန်နှင့်စပ်လျဉ်းသည့် ညွှန်ကြားလွှာများ၊ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်းသည့် စီမံရေးရာ၊ ငွေစာရင်းနှင့် အခွန်စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အခွန်မူဝါဒနှင့် သုတေသနဆိုင်ရာကိစ္စရပ်များ၊ အခွန်ကောက်ခံမှုဆိုင်ရာ သတင်း အချက်အလက်ရှာဖွေစုဆောင်းခြင်းနှင့် နည်းပညာအသုံးပြုအခွန်ကောက်ခံသည့် စနစ်များကို ပို့ချပေးခဲ့သည်။

 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယ နှင့် တတိယဆုရရှိသူ သင်တန်းသူများအား ဆုများချီးမြှင့်ခဲ့ပြီး၊ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့သည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဦးမောင်မောင်ဝင်း၊ ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး သင်တန်းအား ရက်သတ္တ ရှစ်ပတ်ကြာ ဖွင့်လှစ် ပို့ချခဲ့သည့် အဆိုပါသင်တန်းသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၈၀) ဦး တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။