အလယ်အလတ်အဆင့် အရာထမ်းမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

နေပြည်တော် ၊ မေ  ၈

     စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ်အဆင့် အရာထမ်းမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ၈-၅-၂၀၂၃ ရက်နေ့၊ နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက် အမှာစကားပြောကြားသည်။

     အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ ပြည်တွင်းအခွန်များဦးစီးဌာန အနေဖြင့် အရာထမ်း၊ အမှုထမ်းများအတွက် လိုအပ်သော လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အခြေခံသင်တန်း နှင့် မွမ်းမံသင်တန်းများကို လုပ်ငန်းလိုအပ်ချက်အရ အခါအားလျော်စွာ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ သင်တန်းတွင် မိမိ၏လုပ်ငန်းအတွေ့အကြုံများကို အချင်းချင်းမျှဝေပေးနိုင်သည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ သင်တန်း၏သဘာဝအရ စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်ဆွေးနွေးသည့် မွမ်းမံသင်တန်းဖြစ်၍ ဆရာဗဟိုပြုသင်ကြားသည့်စနစ်ထက် သင်တန်းသားဗဟိုပြု လေ့လာသင်ယူ သည့်စနစ်ကို ပိုမိုကျင့်သုံးဆွေးနွေးကြစေလိုကြောင်း၊

     ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီသောအခွန်ဌာနတစ်ခု ဖြစ်လာစေရန် ရည်မှန်းချက်ထားရှိသဖြင့် အခြေခံကျသည့် ဝန်ထမ်းများ၏စွမ်းဆောင်မှု အရည်အသွေး တိုးတက်လာရေးသည် အရေးကြီးကြောင်း၊ အလယ်အလတ်အဆင့်အရာထမ်းများသည် အထက် အဆင့်နှင့် အောက်အဆင့်ကြားတွင် စီမံခန့်ခွဲမှုများ ဟန်ချက်ညီအောင် ထိန်းညှိဆောင်ရွက်ပေးရသော အရာထမ်းများဖြစ်သဖြင့် လုပ်ငန်းရည်ရွယ်ချက်များ အောင်မြင်ရေးအတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ အခွန်ထမ်းပြည်သူများနှင့် ထိတွေ့ဆက်ဆံပြီး အခွန်ဝန်ဆောင်မှု ပေးရာတွင် အခွန်ထမ်းပြည်သူများက အခွန်ကောက်ခံရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိမြင်စေပြီး ရှင်းလင်းလွယ်ကူစွာဖြင့် အခွန်ပေးဆောင်နိုင်ရေး၊ အခွန်ကို လိုလားစွာဖြင့် ပေးဆောင် လာစေရေးတို့ကို အသိပညာပေးရန်လိုအပ်ကြောင်း၊ တည်ဆဲအခွန်ဥပဒေများနှင့်အညီ ကောက်ခံကြ ရန်ဖြစ်ပြီး၊ ရသင့်ရထိုက်သည့်အခွန်ငွေများ လျော့နည်းဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် အခွန် ကောက်ခံခြင်းနှင့် ဆက်စပ်လျက်ရှိသည့် စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာစာရင်းစစ်ဆေးခြင်းနှင့် သတင်းအချက်အလက်နည်းပညာများကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားကြရန်လိုကြောင်း၊

     ယခုသင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များသည် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အသုံးချ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များသဖွယ်ဖြစ်၍ ဂရုတစိုက်လေ့လာဆည်းပူးပြီး၊ နိုင်ငံအတွက် ရသင့်ရထိုက်သည့်အခွန်ငွေများကို အလေအလွင့်မရှိစေဘဲ တတ်နိုင်သမျှ ကြိုးပမ်းကောက်ခံကြရန် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အခွန်ရှောင်တိမ်းမှုများကိုလည်း စုံစမ်းဖော်ထုတ်၍ စိစစ်ကောက်ခံ နိုင်ရန်လိုကြောင်း၊ အခွန်အကောက်ရငွေများ အပြည့်အဝရရှိမှသာ နိုင်ငံတော်က ပြည်သူများအတွက် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေမည့် အသုံးစရိတ်များကို သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ သင်တန်းသားများအနေဖြင့် မိမိတို့တွင် ရှိပြီးသား အတွေ့အကြုံများ၊ ဖန်တီးနိုင်သည့် စွမ်းအား များကို လေ့လာသင်ယူလိုသည့်ဆန္ဒများနှင့် ပေါင်းစပ်ပြီး သင်တန်းမှပို့ချသည်များကို ကြိုးစားမှတ်သား လေ့လာသင်ယူသွားကြရန် အလေးအနက် တိုက်တွန်းပါကြောင်း၊ အခွန်ထမ်းပြည်သူများနှင့် ထိတွေ့ ဆက်ဆံပြီး၊ အခွန်ဝန်ဆောင်မှုပေးရသည့်ဌာနဖြစ်၍ မိမိတို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကောင်းမြတ်သည့် စိတ်စေတနာနှင့် ပေါင်းစပ်ပြီး လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရန် အထူးလိုအပ် ကြောင်း၊ ယင်းသို့ အခွန်ထမ်းပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှု၊ ဆက်ဆံရေးပြေပြစ်မှုများမှာ မရှိမဖြစ်လိုအပ်ပြီး၊ မိမိတို့၏ဆောင်ရွက်ချက်များသည် အခွန်ယဉ်ကျေးမှု ကို မြှင့်တင်ပေးနေခြင်းဖြစ်ကြောင်းကို အစဉ်အမြဲနှလုံးသွင်း၍ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် အခွန်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများနှင့် လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်၍ ကျွမ်းကျင်မှုရှိအောင် အစဉ်အမြဲ လေ့လာဆည်းပူးနေရန် လိုအပ် သကဲ့သို့ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများကိုလည်း မျှဝေပေးခြင်း၊ အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းများ ပြုလုပ်ကြခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်မှုအရည်အသွေးများ အစဉ်မြင့်မားတိုးတက်လာမည် ဖြစ်ကြောင်း၊ ယခုအခါ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ခေတ်နှင့်လျော်ညီစွာ ဆောင်ရွက်လျက်ရှိသဖြင့် အလယ်အလတ်အဆင့်အရာထမ်းများအနေဖြင့် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးမူဝါဒများ၊ အခွန်စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတကာအခွန်စနစ် ကျင့်သုံးဆောင်ရွက်မှုပုံစံများကိုလည်း လေ့လာသင်ယူထားရန်လိုကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေးမူဝါဒတွင်ပါဝင်သော အခွန်မူဝါဒများနှင့် အညီ ကြိုးပမ်းအကောင်အထည်ဖော်သွားကြရန်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

     အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်း၊ အဖွဲ့အစည်း များ၊ ဦးစီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့် အရာရှိကြီးများ၊ သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် သင်တန်းသား/ သင်တန်းသူ လက်ထောက်ညွှန်ကြားရေးမှူး စုစုပေါင်း (၈၀) ဦးတို့ ပါဝင်တက်ရောက်ပြီး၊ သင်တန်း ကာလမှာ ရက်သတ္တပတ် (၂) ပတ်ဖြစ်ကြောင်း သတင်းရရှိသည်။