Intensive English Proficiency Course သင်တန်းမှ လေ့လာခဲ့သည်များအား ဌာနတွင်း ပြန်လည်မျှဝေသည့် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၂

ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့၌ ဖွင့်လှစ်ပို့ချခဲ့သည့် Intensive English Proficiency Course သင်တန်းမှ လေ့လာခဲ့သည်များအား ဌာနတွင်း ပြန်လည်မျှဝေသည့် သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နေ့လယ် (၁:၀၀) အချိန်တွင် ရုံးအမှတ် (၃၄)၊ အပေါ်ထပ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပထမဦးစွာ သင်တန်းပို့ချခဲ့သူများမှ သင်တန်းပို့ချခဲ့သည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဗီယက်နမ်နိုင်ငံတွင် ဖွင့်လှစ်ပို့ချခဲ့သည့် Intensive English Proficiency Course သင်တန်းမှ လေ့လာခဲ့သည်များအား ဌာနတွင်း ပြန်လည်မျှဝေသည့် သင်တန်းဖြစ်ပြီး ပို့ချသူ(၄)ဦးမှ Topic (၄)ခုဖြင့် ပို့ချခဲ့ကြောင်း၊ အင်္ဂလိပ်စာလေ့လာမှုတွင် ပုံစံမျိုးစုံရှိသည့်အနက် ယခုသင်တန်းတွင် သင်ကြားသည့် Topic များသည် လူအများနှင့်ဆက်နွယ်သော အကြောင်းအရာများကို စိတ်ဝင်စားဖွယ်ပို့ချခဲ့သည်ဟု သိရှိရ၍ သင်တန်းသား၊ သင်တန်းသူများအတွက် အကျိုးရှိသည့်နည်းတူ ပို့ချသူများအနေဖြင့်လည်း အင်္ဂလိပ်စာသင်ကြားသည့် ဆရာများမဟုတ်သော်လည်း မိမိတို့လေ့လာခဲ့သည်များအား ပြန်လည်မျှဝေရာတွင် ပိုမိုလေ့လာဖြစ်သည့်အတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိသည့်သင်တန်း ဖြစ်ပါကြောင်း၊ ပုံမှန်အားဖြင့် ပြည်တွင်း၊ ပြည်ပသင်တန်း တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ဌာနတွင်းမျှဝေသည့်အစီအစဉ်များ ပြုလုပ်လေ့ရှိသော်လည်း ယခုအခါ ပြည်ပမှ အင်္ဂလိပ်စာ ကျွမ်းကျင်မှုသင်တန်း တက်ရောက်ခဲ့သည့်အတွက် သင်တန်းပုံစံပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းအောင်မြင်စွာ ဖွင့်လှစ်ပို့ချနိုင်ခဲ့သည့်အတွက် သင်တန်းပို့ချသူများ၊ တက်ကြွစွာပါဝင် တက်ရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအားလုံးနှင့် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးသူ များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ရရှိသည့်အချိန်တိုအတွင်း လေ့လာမှတ်သားခဲ့ရသဖြင့် အင်္ဂလိပ်စာလေ့လာမှုကို ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ Self-Study ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ ဦးစွာ မိမိကိုယ်ကို တိုးတက်စေမည်ဖြစ်ပြီး ဆက်လက်၍ မိမိပတ်ဝန်းကျင်၊ မိမိဌာနကို ပြည်လည်အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ အင်္ဂလိပ်စာဘာသာရပ်ကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာသွားကြရန် တိုက်တွန်းပါကြောင်း သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားနှင့် သင်တန်းမှ ရရှိခဲ့သည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းပို့ချသူများနှင့် သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။

, , , ,