မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းနှင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များနှင့်စီးပွားရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးအဖွဲ့အစည်းများနှင့် ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ တွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားစီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အသစ်ပြဋ္ဌာန်းမည့် စည်းမျဉ်း အသစ်သည်  ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းများကို တန်းတူအခွင့်အရေးများကို ဖန်တီး ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝှန်းလုံးရှိဒေသများအားလုံးသည် ဖွံ့ဖြိုးတိုးတက်ရန် အခွင့် အလမ်းများတန်းတူရှိပြီးနိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသဖြင့် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးကြောင်း ကော်မရှင်ဥက္ကဌက ဦးစွာပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံသည် ဘတ်ဂျက်လိုငွေ၊ ကုန်သွယ်ရေး လိုငွေနှင့် ဆင်းရဲနွမ်းပါးမှုတို့ကို ရင်ဆိုင်နေရသဖြင့် အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရေးသည် နိုင်ငံတော်အစိုးရ၏ ဦးစားပေးလုပ်ငန်းများဖြစ်ကြောင်း၊ အခက်အခဲများကို အခွင့်အလမ်း များအဖြစ် ပြောင်းလဲရမည့်အချိန်ဖြစ်ကြောင်းနှင့် ယင်းအခွင့်အလမ်းများကို အကောင်အထည် ဖော်ရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတွင် မျှတစွာ ယှဉ်ပြိုင်မှုသည် စီးပွားရေး တိုးတက်မှုနှင့် စားသုံးသူများကိုအကျိုးကျေးဇူး ဖြစ်ထွန်းစေကြောင်း၊ အစိုးရသည် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သည်ထက် စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်း ခြင်းကိုသာ ဆောင်ရွက်သင့်ပြီး ပုဂ္ဂလိကကဏ္ဍသည်သာ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွင် အဓိကအခန်းမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းအချို့ကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းပေးသင့်ကြောင်း၊ သို့သော်လည်း အဆိုပါ စက်ရုံများရှိ လုပ်သားများ၏ အလုပ်အကိုင်မှုအခွင့်အလမ်းနှင့် ပင်စင်ခံစားခွင့် တို့ကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်းနှင့် ပြည်ပမှ လုပ်ငန်းရှင်များကြုံတွေ့ရမည့် အခက်အခဲများ ကို ဖြေရှင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက လက်ရှိနိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း(Foreign Direct Investment Promotion Plan)၏ နှစ်လတ်ကာလ ရည်မှန်းချက် အရ ၂၀၁၆ -၂၀၁၇ ကာလအတွက် ရည်မှန်းချက်မှာ အမေရိကန် ဒေါ်လာ ၆ ဘီလီယံဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၆.၂၇ ဘီလီယံ ဖြစ်၍ ရည်မှန်းချက်ကို  ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်တွင်းနှင့်ပြည်ပမှ ရင်းနှီးမြှုပ်နှံသူ များအကြား တန်းတူအခွင့်အရေးဖြင့် ယှဉ်ပြိုင် နိုင်စေရန် အလို့ငှာ မူဝါဒပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည် ဖော်နိုင်စေရန် အလို့ငှာ လိုအပ်သည့် နည်းဥပဒေကို ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း၊ စီးပွားရေးလုပ်ငန်း အမျိုးအစားများ စာရင်းနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့် ကဏ္ဍ များစာရင်းကိုလည်း ၂၀၁၇ ခုနှစ် မတ်လမကုန်မီ ထုတ်ပြန်မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို စတင်အာဏာ သက်ဝင်လာပါက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လုပ်ငန်း များကို ရိုးရှင်း လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အကာအကွယ်များလည်း ပိုမိုပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နောက်တစ်ဆင့်အဖြစ် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲလျက်ရှိပြီး ဥပဒေကြမ်းကော်မတီသို့ တင်ပြထားရာ လာမည့်လွှတ်တော်တွင် ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊        မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေကို ပြဋ္ဌာန်းပြီးပါက ကုမ္ပဏီတည်ထောင်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူလာစေမည်ဖြစ်ပြီး ကုန်ကျစရိတ်များ သက်သာလာမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

ရန်ကုန်မြို့၊

၂၀၁၇ ခုနှစ်၊ မတ်လ (၁၈)ရက်