မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ အထိ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ အကျဉ်းချုပ်အား ထုတ်ပြန်ခြင်း

၁။             မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလ ၁ ရက်နေ့ မှ မတ်လ ၃၁ ရက်နေ့ အထိ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၂၄ (ဆ) နှင့် နည်းဥပဒေ ၁၄၈ အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက် ချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့မှတဆင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့၌ အစီရင်ခံ တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ၁၄၈ နှင့်အညီ အစီရင်ခံစာ အကျဉ်းချုပ်အား ဆက်လက် ထုတ်ပြန်အပ်ပါသည်။

၂။             ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ရင်းနှီး မြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် လိုအပ်သော အမိန့်ကြော်ငြာစာများဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှု ဇုန် အမျိုးအစား သတ်မှတ်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ အတည်ပြုမိန့် ထုတ်ပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် မတည်ငွေရင်းပမာဏ သတ်မှတ်ခြင်း၊ ဦးစားပေး မြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ သတ်မှတ်ခြင်း၊ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ သတ်မှတ် ခြင်း၊ ပြည်တွင်းရှိ ပြည်ပတင်ပို့သည့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများသို့ ပြည်တွင်းစက်ရုံများမှ ထွက်ကုန်များ ပေးသွင်းခြင်းကို ပြည်ပသို့ ရာခိုင်နှုန်းပြည့် တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် သတ်မှတ်ခြင်း၊ အခြားသက်ဆိုင်သည့် အသိပေးကြော်ငြာမှုများ ဆောင်ရွက် ခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများ ဖွဲ့စည်းခြင်းစသည်တို့အား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၈ ခုနှစ် မတ်လ အတွင်း ထုတ်ပြန်ပေးနိုင်ခဲ့ပါသည်။

၃။             မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ ကာလအတွင်း ကော်မရှင် အစည်းအဝေး (၁၆) ကြိမ် ပြုလုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ဆုံးဖြတ်ခွင့်ပြုပေးခဲ့ပါသည်။

၄။             မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်း လုပ်ငန်း အသစ် (၂၂၂) ခုအား  ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၄,၇၇၇.၉၈၀ သန်းဖြင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်း (၈၂) ခုအား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၉၄၀.၁၀၆ သန်း ထပ်မံတိုးမြှင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၅,၇၁၈.၀၈၆ သန်းအား လုပ်ငန်း ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးခဲ့ ပါသည်။ အခြားတစ်ဖက်တွင် သီလဝါအထူးစီးပွားရေးဇုန်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၂) ခုအား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၀၁.၈၈၀ သန်း ခွင့်ပြုပေးခဲ့သဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပမာဏမှာ အမေရိကန် ဒေါ်လာ ၆,၁၁၉.၉၆၆ သန်း ခွင့်ပြုပေးနိုင်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကာလရှည် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာစီမံကိန်း (Foreign Direct Investment Promotion Plan-FDIPP) ၏ Medium Term ရည်မှန်းချက် ဖြစ်သည့် အမေရိကန် ဒေါ်လာ (၆) ဘီလီလံ  ရရှိရေးအပေါ် ပြည့်မှီ ကျော်လွန်အောင် ဆောင်ရွက် နိုင်ခဲ့ပါသည်။

၅။             မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ(၁) နှစ်တာ ကာလအတွင်း ပြည်တွင်းသို့ လုပ်ငန်းဆောင်ရွက်ရန် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ အမှန် စီးဝင်လာသော ရင်းနှီးမြှုပ်နှံမှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၄၀.၇၃၆ သန်း ရှိပါသည်။

၆။             မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်း လုပ်ငန်း အသစ် (၁၁၉)ခုအား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၁,၀၄၃.၀၇၆ သန်း အပါအဝင် ကျပ် ၃,၅၈၂,၃၄၃.၃၅၈ သန်းဖြင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပြီး၊ ဆောင်ရွက်ဆဲ လုပ်ငန်း (၂၄) ခုအား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၂၆.၉၀၇ သန်း အပါ အဝင် ကျပ် ၃၉၅,၇၅၁.၇၇၀ သန်း ထပ်မံ တိုးမြှင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့သဖြင့် ရင်နှီးမြှုပ်နှံမှု တိုးမြှင့် ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁,၁၆၉.၉၈၃ သန်း အပါအဝင် ကျပ် ၃,၉၇၈,၀၉၅.၁၂၈  သန်းအား လုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့ပါသည်။

၇။             ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ စိစစ် ခွင့်ပြုပေးခဲ့ သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂၂၂) ခုမှ လုပ်သားအင်အား(၉၅၇၀၆) ဦး အလုပ်အကိုင် အခွင့် အလမ်းရရှိရေး ဖန်တီးပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၁၉) ခုမှ လုပ်သားအင်အား (၂၂၁၄၉) ဦးအား အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး ဖန်တီးပေးနိုင်ခဲ့သည့်အတွက် ဘဏ္ဍာနှစ် (၁) နှစ်တာအတွင်း ခွင့်ပြုခဲ့သော ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း စုစုပေါင်း (၁၁၇၈၅၅) နေရာ ဖန်တီး ပေးနိုင်ခဲ့ပါသည်။

၈။             ကော်မရှင်၏ လုပ်ငန်းများအား အထောက်အကူပြုနိုင်ရေးအတွက် ကော်မရှင်ရုံး၌ ဖွဲ့စည်း ထားသော တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့ (One Stop Services) အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် ရင်းနှီး မြှုပ်နှံမှုနှင့် ဆက်စပ်သည့် ၎င်းတို့ဌာနများ၏ ဝန်ဆောင်မှု လုပ်ငန်းများအား အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးခဲ့ပါသည်။

၉။             ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးဌာနခွဲ၏ ဦးဆောင်မှု ဖြင့်တိုင်းဒေသကြီးနှင့် ပြည်နယ် (ရုံးခွဲ) များနှင့် ပူးပေါင်းပြီး ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့ (One Stop Services) ဖြင့် ကော်မရှင်မှ ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနက်  စီးပွားဖြစ် စတင်ပြီး လုပ်ငန်း လည်ပတ်လျက်ရှိသော လုပ်ငန်း (၄၆) ခု၊ တည်ဆောက်ရေး ကာလ အတွင်း ဆောင်ရွက်နေသော လုပ်ငန်း (၈၄) ခု၊ စက်ရုံပိတ်သိမ်းမှု အပေါ် စစ်ဆေးခြင်း (၂) ကြိမ်၊ အခြားလုပ်ငန်းများအား အခြေအနေ စစ်ဆေး ခြင်း (၁၂) ကြိမ် စုစုပေါင်း လုပ်ငန်း (၁၄၄) ကြိမ်နှင့် အဆိုပြုပါ လုပ်ငန်းများအနက် ကျန်ရှိသည့် လုပ်ငန်း များအား စစ်ဆေးခြင်း (၁) ကြိမ်တို့အား ဥပဒေ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

၁၀။          ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ်နှင့် ပတ်သက်၍ အလားအလာရှိသော ပြည်ပနိုင်ငံ (၈) ခုသို့ အကြိမ်ရေ (၁၆)ကြိမ် သွားရောက်ခဲ့ပြီး၊ ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ် (၃၇) ကြိမ် ဆောင်ရွက်ခဲ့ပြီး၊ ပြည်တွင်း/ပြည်ပ စုစုပေါင်း (၅၃) ကြိမ် ကျင်းပနိုင်ခဲ့ပါကြောင်း အကျဉ်းချုပ် အစီရင်ခံစာ ထုတ်ပြန်အပ်ပါသည်။

 

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူးရုံး