ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရန်ရည်ရွယ်၍ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပပြုလုပ်ခြင်း

ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ ဖိတ်ခေါ်၍ မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ ပြည်နယ်အတွင်းရှိ  ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအား အလားအလာ ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကယား ပြည်နယ် အစိုးရအဖွဲ့နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီစီစဉ်မှု၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ပံ့ပိုးကူညီမှုဖြင့် ကယား ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ၂၀၁၈ ခုနှစ်၊ မေလ ၂၆ ရက်နေ့၌ ပြည်နယ်ခန်းမ၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုဖိုရမ် အခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယား ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီး များနှင့် သံရုံးအရာရှိကြီးများ၊ ဌာနဆိုင်ရာ အကြီးတန်း အရာရှိကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ စုစုပေါင်း (၅၀၀) ကျော် တက်ရောက်ခဲ့ကြပါ သည်။

အစီအစဉ်အရ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးမော်မော်နှင့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးတို့မှ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ဖဲကြိုးဖြတ်၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်သည်တော်များက ပြပွဲတွင် ခင်းကျင်း ပြသထားသည့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု အလားအလာများ၊ ကယားပြည်နယ် ထွက်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှု ခဲ့ကြပါသည်။

ဆက်လက်၍ အစီအစဉ်အရ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အခမ်း အနားတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ အဖွင့်အမှာစကား အသီးသီး ပြောကြားကာ ဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့ပါသည်။

ထို့နောက် ကယားပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ရှင်းလင်းတင်ပြခဲ့ပြီး စိုက်ပျိုး ရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍစသည့်ကဏ္ဍများအလိုက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများမှ ရှင်းလင်း ဆွေးနွေးခဲ့ကြ ပါသည်။

နေ့လည်ပိုင်းတွင် လုပ်ငန်းရှင်တွေ့ဆုံပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ကယားပြည်နယ်ရှိ လုပ်ငန်းရှင်များနှင့် ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စိတ်ဝင်စားသည့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ ပါဝင်တက်ရောက်နေသူများသည် ၂၀၁၈ ခုနှစ် မေလ ၂၇ ရက်နေ့တွင် လွိုင်ကော်စက်မှုဇုန်၊ လောပိတ ရေအားလျှပ်စစ်စက်ရုံနှင့် ငွေတောင်ဆည် စသည့်နေရာများအပါအဝင် ရင်းနှီးမြှုပ်နှံမှု အလားအလာရှိသောနေရာများသို့ သွားရောက် လေ့လာကြမည်ဖြစ်ပြီး မေလ ၂၈ ရက်နေ့တွင် လွိုင်ကော်မြို့ ပတ်ဝန်းကျင်ဒေသများနှင့် မော်ချီး သတ္ထုတွင်းသို့ လှည့်လည် လေ့လာကြည့်ရှုကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။