ကယားပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးကူးညီမှုဖြင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)ကြီးမှူးကျင်းပခဲ့သည့် မှတ်တမ်း/မော်ကွန်းဆိုင်ရာ အသိပညာ မြှင့်တင်မှု ဆွေးနွေးပွဲနှင့်အခြေခံမှတ်တမ်း စီမံခန့်ခွဲမှု သင်တန်းအခမ်းအနား

,

                စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန( ရန်ကုန်ရုံးခွဲ )သည် အစိုးရရုံးများတွင် ဌာနဆိုင်ရာ မှတ်တမ်းခန်းများထားရှိရေးနှင့် မော်ကွန်းတိုက်သို့ လွှဲပြောင်းပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ မှတ်တမ်း/မော်ကွန်းအသိပညာမြှင့်တင်မှု ဆွေးနွေးပွဲနှင့် အခြေခံမှတ်တမ်းစီမံခန့်ခွဲမှုသင်တန်းအား  ကယားပြည်နယ် အစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် ၂၀၁၉ခုနှစ် ဇန်နဝါရီလ၂၉ရက်နေ့မှ ၃၀ ရက်နေ့အထိ  ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ပါသည်။

မှတ်တမ်းမော်ကွန်းအသိပညာမြှင့်တင့်မှု ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဒေါ်သက်နွယ်ဦးမှ မှတ်တမ်းမော်ကွန်းများ၏ သဘောသဘာဝ၊ အသုံးပြုနိုင်မှုတန်ဖိုးနှင့် မှတ်တမ်းခန်းများ စနစ်တကျထားရှိထိန်းသိမ်းနိုင်ရေးတို့ကို ဆွေးနွေးခဲ့ပြီး မော်ကွန်းတိုက်၏ လုပ်ငန်းဆောင်တာများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကယားပြည်နယ်အတွင်းရှိ အစိုးရဌာနများမှအဆင့်မြင့်အရာရှိကြီးများ ( ၆၆ )ဦး တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ မှတ်တမ်းခန်းများတွင် လက်တွေ့တာဝန်ယူ ဆောင်ရွက်ကြရမည့် အရာထမ်း ၊ အမှုထမ်းများအတွက် မှတ်တမ်းစီမံခန့်ခွဲမှု ဘာသာရပ်နှင့် Digital မှတ်တမ်းထိန်းသိမ်းမှုဘာသာရပ်များကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဖုန်းဝင့်နှင့် ဒေါ်ဝင်းဝင်းမြင့်တို့မှ ဆွေးနွေးပို့ချခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ အစိုးရအဖွဲ့အစည်း အသီးသီးမှသင်တန်းသား(၈၀)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင်မော်ကွန်းဖြစ်လာနိုင်သည့် မှတ်တမ်းများပေးပို့ရေးနှင့် မော်ကွန်းတိုက်သို့ပို့ဆောင်ရမည့်မှတ်တမ်းများ၏ အဆင့်အား မှတ်တမ်းခန်းတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများမှ ခွဲခြားသိရှိနိုင်ရန် ဆွေးနွေးပို့ချခဲ့ပါသည်။