စာကြည့်တိုက် မြှင့်တင်ရေး အမြင်ဖွင့်သင်တန်းမှ သင်တန်းသားများ လာရောက်လေ့လာခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်)သို့ ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ နှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာတော် ဒေါက်တာပဏ္ဍဝံသ တို့မှဦးစီး၍ လှည်းကူးမြို့နယ်၊ ကျွန်းကလေးစံပြကျေးရွာ၊ ဟိတဓရဓမ္မဝိဟာရ ကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားပို့ချသော စာကြည့်တိုက် မြှင့်တင်ရေးအမြင်ဖွင့်သင်တန်းမှ သင်တန်းသား (၄၅) ဦးတို့သည် ၁၁.၁၂.၂၀၁၈ (အင်္ဂါနေ့) တွင် လေ့လာခဲ့ပါသည်။

အဆိုပါ သင်တန်းသားများအား အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စောနန်းနွယ်မှ ဦးစီးဌာန၏ နောက်ခံသမိုင်းကြောင်း၊ ဌာန၏ လုပ်ငန်းတာဝန်များဖြစ်သည့် မော်ကွန်းမှတ်တမ်းများရယူ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ ပြည်တွင်းပြည်ပသုတေသီများအား ဝန်ဆောင်မှုပေးခြင်းနှင့် ဌာန၏လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနရှိ မော်ကွန်းပြခန်း၊ မော်ကွန်း/မှတ်တမ်းထိန်းသိမ်းခန်းများ၊ စက္ကူမဟုတ်မှတ်တမ်းထိန်းသိမ်းခန်း၊ နည်းပညာဖြင့် Digitization ဆောင်ရွက်ထိန်းသိမ်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် သုတေသီစာဖတ်ခန်း တို့ကို လေ့လာကြည့်ရှုကြရာ သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပါသည်။