အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းဌာန၏ ဒုတိယအကြိမ်မြောက် ဘွဲ့လွန်ဒီပလိုမာ လက်မှတ်ပေးအပ်ပွဲ အခမ်းအနား အောင်မြင်စွာကျင်းပ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းဌာန (Graduate School of Administration and Development – GSAD)၌ (၂၀၁၆-၂၀၁၇) ပညာသင်နှစ်အတွက် ပြည်သူ့ရေးရာမူဝါဒနှင့် အုပ်ချုပ်မှုပညာဘွဲ့လွန်ဒီပလိုမာ၊ ဖွံ့ဖြိုးမှုစီမံကိန်းနှင့့်လက်တွေ့ဘွဲ့လွန်ဒီပလိုမာ၊ အပြည်ပြည်ဆိုင်ရာ စီးပွားဆက်ဆံရေးနှင့်ဖွံ့ဖြိုးမှုဘွဲ့လွန်ဒီပလိုမာ၊ စာရင်းအင်းပညာဘွဲ့လွန်ဒီပလိုမာ သင်တန်းများ၏ ဒုတိယအကြိမ် ဘွဲ့လွန်ဒီပလိုမာ လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ၂၂-၂-၂၀၁၈ ရက်နေ့ (ကြာသပတေးနေ့) နံနက် (၉း၀၀) နာရီတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်)၌ ကျင်းပခဲ့ပါသည်။

 အဆိုပါ အခမ်းအနား၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဦးကျော်ဝင်းမှ မိန့်ခွန်းပြောကြားရာ၌ ယနေ့ အခမ်းအနားသည် အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်သင်တန်းဌာနမှ ဒုတိယအကြိမ် ဘွဲ့လွန်ဒီပလိုမာ ပေးအပ်ချီးမြှင့်သည့် အခမ်းအနား ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက်  ရည်ရွယ်၍ GSAD ထူထောင်ခဲ့ခြင်းသည် ကောင်းမွန် သည့် လုပ်ငန်းလုပ်ဆောင်ချက် ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့် ဆောင်ရွက်ချက်၊ လုပ်ဆောင်ချက်များတွင် မိမိတို့၏ စိတ်ဆန္ဒအရဖြစ်စေ၊ ဘဝမျှော်မှန်းချက်အရ ဖြစ်စေ သင်တန်းသို့ ပြီးမြောက်အောင်မြင်အောင် ကြိုးစားအားထုတ်၍ ယနေ့အချိန်ထိ ဖြတ်သန်း လာခဲ့ကြသည့် ဝန်ထမ်းများအားလုံးအား နိုင်ငံ၏ ကိုယ်စား၊ ဝန်ကြီးဌာန၏ ကိုယ်စား GSAD ၏ ကိုယ်စား ၎င်းတို့၏ အချိန်ကာလနှင့် လုပ်အား၊ စိတ်ဓါတ်တွေကို ချီးကျူး ဂုဏ်ယူပါကြောင်း၊ သင်တန်းသားများမှလည်း ဂုဏ်ယူ တန်ဖိုးထားစေချင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သည် အသိပညာ၊ အတတ်ပညာ ပြည့်စုံမှသာလျင် လျင်လျင်မြန်မြန်နှင့် ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းရှိ မည်ဖြစ်ကြောင်း၊  GSADအား ရုပ်လုံးဖော် ဆောင်ရွက်ပေးခဲ့သည့် ရှေ့က တာဝန်ရှိ ပုဂ္ဂိုလ်များကို လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မှတ်တမ်းတင်ရမည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ဌာနအသီးသီးမှ အလွှာအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံးကို လည်း ဂုဏ်ယူစွာ မှတ်တမ်းတင်ပါကြောင်းနှင့် သင်တန်းသား/သင်တန်းသူများမှလည်း ဂုဏ်ယူ စွာဖြင့် ရှေ့သို့ ဆက်လက် ချီတက်ကြစေလိုကြောင်း၊ ရှေ့ဆက်၍လည်း မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်ရန် အစီစဉ်ကောင်းများ ရှိပါကြောင်း၊ နိုင်ငံတကာမှ အသိအမှတ်ပြု လာစေရေးအတွက် လည်း ဆောင်ရွက်သွားရန် စဉ်းစားရမည်ကြောင်း တိုက်တွန်းအားပေးစကား ပြောကြားခဲ့ပါသည်။  

အခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး (၂၀၁၆-၂၀၁၇) ဒုတိယ ပညာသင်နှစ်တွင် တက်ရောက်အောင်မြင်ခဲ့သည့် ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား/သင်တန်းသူ (၃၂၄)ဦးကို ဘွွဲ့လွန်ဒီပလိုမာ လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။