အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(နေပြည်တော်)၌ (၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် စာတမ်းဖတ်ပွဲနှင့် ပြပွဲများ ခင်းကျင်းပြသခြင်း

၂၀၁၉ ခုနှစ် ဇွန်လ(၉)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန(နေပြည်တော်)၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊  ပြည်သူ့လွှတ်တော်မှရေးရာကော်မတီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောကြားရာတွင် ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များနေ့၏(၇၁)နှစ်မြောက်နေ့ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက် များကောင်စီ (International Council on Archives - ICA)ကို ၁၉၄၈ ခုနှစ် ဇွန်လ (၉)ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပါတယ်။ ယနေ့အချိန်မှာ အဖွဲ့ဝင်နိုင်ငံနှင့် နယ်မြေပေါင်း(၁၉၉)ခုနှင့် မော်ကွန်းတိုက် ပေါင်း(၁၉၀၀)ကျော်ရှိပါတယ်။ ICA အောက်မှာတော့ ဒေသဆိုင်ရာ အဖွဲ့အစည်းအားဖြင့် အဖွဲ့ (၁၃)ဖွဲ့ရှိပါတယ်။

အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များကောင်စီ(ICA)ကို တည်ထောင်ရခြင်း ရည်ရွယ်ချက်ကတော့ တစ်ကမ္ဘာလုံးရှိ လူသားတို့၏ မော်ကွန်းဆိုင်ရာ အမွေအနှစ်များကို ထိန်းသိမ်းရန်၊ မှတ်တမ်း/မော်ကွန်း စီမံခန့်ခွဲမှုနှင့် သုံးစွဲမှုမြှင့်တင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးရှိ မှတ်တမ်း၊မော်ကွန်းပညာရှင် ကိုယ်စားလှယ်များ၏ အတွေ့အကြုံများ မျှဝေပေးခြင်း၊ သုတေသန ဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဆက်သွယ်ခြင်းဖြင့် သတင်း အချက်အလက်များ ဖလှယ်ရန်အတွက် ရည်ရွယ်ပါတယ်။

ICA အဖွဲ့အနေဖြင့် နိုင်ငံများ၏ မှတ်တမ်း/မော်ကွန်း အမွေအနှစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် နှစ်စဉ်ညီလာခံများ ကျင်းပပြီး မော်ကွန်းပညာရပ်ဆိုင်ရာ သင်ခန်းစာအစီအစဉ်၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် နည်းပညာခေတ်၌ မော်ကွန်းပညာရှင်များမှ ကြုံတွေ့နေရသည့် အခက် အခဲများကို ညီလာခံတွင် ဝိုင်းဝန်း ဆွေးနွေး ဖြေရှင်းကြပါတယ်။ ထို့အပြင် မော်ကွန်း အသိပညာပေး အဖြစ် ထုတ်ဝေသည့် စာအုပ်၊စာစောင်များ (Publications)ကတော့ comma၊ flesh နှင့် ICA e-newsletter တို့ ဖြစ်ပါတယ်။ အဆိုပါစာအုပ်၊စာစောင်များသည် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ မော်ကွန်း တိုက်များမှ ဆောင်ရွက်နေသည့် မှတ်တမ်း၊ မော်ကွန်းစီမံခန့်ခွဲမှု နှင့် ထိန်းသိမ်းမှု အတွေ့အကြုံများကို မျှဝေထားသည့် စာအုပ်များဖြစ်ပြီး အသင်းဝင်နိုင်ငံများကို ဖြန့်ဝေပေးလျက်ရှိပါတယ်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များကောင်စီသည် ဇွန်လ(၉)ရက်နေ့ကို အပြည်ပြည် ဆိုင်ရာမော်ကွန်းတိုက်များနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ဇွန်လ(၉)ရက်နေ့ ရောက်တိုင်း နိုင်ငံ အသီးသီး တွင် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများကို ကျင်းပ ကြပါ တယ်။ မြန်မာနိုင်ငံအနေဖြင့် ယခု အခမ်းအနားသည် ဒုတိယအကြိမ်မြောက် ကျင်းပသည့် အခမ်းအနားဖြစ်ပါတယ်။ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံအသီးသီးမှာရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသား၊ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ကျောင်းသူ/သားများအဆင့်ထိ မော်ကွန်းတိုက် များသည် နိုင်ငံ၏သမိုင်းကြောင်း မှတ်တမ်း၊အမွေအနှစ်များ ထိန်းသိမ်းထားသည့် နိုင်ငံတော်၏ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရှိစေရန်နှင့် မော်ကွန်း ပညာရှင်များ၏ အတွေ့အကြုံနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို မျှဝေရန်အတွက် အထိမ်းအမှတ် လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက် များနေ့ရဲ့ Theme အဖြစ် “Designing The Archives in the 21st Century” ဟု သတ်မှတ်ထားပါတယ်။ ၂၁ရာစုတွင် နိုင်ငံ့မှတ်တမ်း/ မော်ကွန်းများ စုဆောင်းထိန်းသိမ်းရေးများကို Paper Records များမှ Digital Records စနစ်သို့ ပုံစံပြောင်း၍ ပုံဖော်နိုင်ရေး လိုအပ်မှာ ဖြစ်ပါတယ်။

          အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနကို ၁၉၇၂ ခုနှစ် ကပင် တည်ထောင်ခဲ့တာ ဖြစ်ပြီး International Council On Archives (ICA) အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သလို Southeast Asia Regional Branch of International Council On Archives(SARBICA)၏ ဒေသဆိုင်ရာ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာမှာ ICA ၊ SARBICA အဖွဲ့များ၏ အကြံပြုချက်များ၊ အတွေ့ အကြုံများနှင့်အညီ မှတ်တမ်း၊မော်ကွန်းများကို ရယူစုဆောင်း၍ ရရှိလာတဲ့ မှတ်တမ်းမော်ကွန်းများကို အနာဂါတ်ကာလအတွက် ရေရှည် သိမ်းဆည်းနိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များ မှ လုံခြုံမှု ရှိစေရန်       နည်းပညာအမျိုးမျိုးဖြင့် Preservation လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရဌာနများအပါအဝင် လူထု၊ လူတန်းစား အလွှာအသီးသီးက လိုအပ်တဲ့ အထောက်အထားများ ရရှိနိုင်ရန်နဲ့ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တည်ဆဲ အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေနှင့်အညီ ၀န်ဆောင်မှု ပေးလျှက် ရှိပါတယ်။

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် ခေတ်အဆက်ဆက် နိုင်ငံတော် အစိုးရရဲ့ စီမံခန့်ခွဲမှု၊ ချမှတ်ခဲ့တဲ့မူဝါဒ၊ မူဝါဒကို အကောင်အထည်ဖော်ခဲ့တဲ့ လုပ်ငန်းဆောင်ရွက်မှုများ၊ စာချုပ်စာတမ်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ပြန်တမ်း၊ အရေးကြီးအစည်းအဝေးမှတ်တမ်းများ၊ ပြည်နယ်၊တိုင်းများရဲ့ Gazetteers များ၊ အစီရင်ခံစာများ၊ စီမံကိန်း၊ စီမံချက်၊ ကိန်းဂဏန်း စာရင်းအင်းများ စတဲ့ မှတ်တမ်း၊မော်ကွန်းပေါင်း(၂)သိန်းကျော် ထိန်းသိမ်းထားရှိပါတယ်။ ထိန်းသိမ်းထားသော မှတ်တမ်း/မော်ကွန်းများကို Database Server တွင် အလွယ်တကူ ရှာဖွေနိုင်ရန် စီစဉ်ထားပါတယ်။ ဖတ်ရှုသူ ပြည်သူလူထု လွယ်ကူစွာ ဖတ်ရှု ကူးယူနိုင်စေရန် နှင့် မူရင်းကိုင်တွယ်မှုကြောင့် ပျက်ဆီး မှုမှ ကာကွယ်နိုင်ရန် Paper Records မှ Digital Records အသွင်သို့ ကူးပြောင်းခဲ့ပြီးလည်းဖြစ်ပါသည်။ ဆက်လက်၍ Digital Records အမြောက်အများကို ရေရှည် သိမ်းဆည်းနိုင်ရန်နှင့် အလွယ်တကူ ပြန်လည် ဖတ်ရှုနိုင်ရန်အတွက် ခေတ်မီ နည်းပညာပြောင်းလဲမှုများအရ စီစဉ် ပုံဖော် သွားမှာဖြစ်ပါတယ်။ ထို့အပြင် နေရာဒေသမရွေးမှ ဖတ်ရှုနိုင်ရန်အတွက် Online Access ပေးနိုင်ရန် ဆောင်ရွက်လျှက်ရှိပါတယ်။

အစိုးရရဲ့ ခေတ်စနစ်ပြောင်းတိုင်း စီမံခန့်ခွဲမှု၊ မူဝါဒများ၊ လုပ်ငန်း ဆောင်ရွက်မှုများဖြစ်တဲ့ နိုင်ငံရဲ့သမိုင်း၊ မှတ်တမ်း အမွေအနှစ်လည်း ဖြစ်စေမယ့် မှတ်တမ်းမော်ကွန်းများ စဉ်ဆက်မပြတ် ရယူ စုဆောင်းနိုင်ရန်၊ ခေတ်စနစ်နှင့်အညီ နည်းပညာများဖြင့် ထိန်းသိမ်းထားရှိနိုင်ရန်နှင့် ပြည်သူ လူထုတစ်ရပ်လုံး အသုံးချတတ်မှုရှိစေရန်အတွက် ဆက်လက် ဆောင်ရွက် သွားမှာဖြစ်လို့  ယနေ့ အခမ်း အနားသို့ ကြွရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများ၊ လေ့လာသူများ၊ အရာထမ်း၊ အမှုထမ်းများအားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။

မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲ ကောင်းမွန်လျှင် ကောင်းမွန်သော စီမံအုပ်ချုပ်မှု (Good Governance)ကိုလည်း အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ အစိုးရဌာနများ၏ မူဝါဒချမှတ်ခြင်းနှင့် ၎င်းမူဝါဒကို အကောင် အထည်ဖော် ဆောင်ရွက်သည့် စီမံကိန်း၊ စီမံချက်၊ ဉပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများသည် နိုင်ငံတော်၏ မှတ်တမ်း၊ မော်ကွန်း အချက်အလက်များဖြစ်ပြီး ၎င်းသတင်း အချက်အလက်များကို ပြည်သူလူထုသိရှိအောင်  ဆောင်ရွက်ပေးခြင်းဖြင့်  ပွင့်လင်းမြင်သာမှု (Transparency) သတင်းအချက်အလက်ရပိုင်ခွင့်(Right to Information)တို့ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

          မကြာသေးမီကလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှ အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနအနေဖြင့် မော်ကွန်းထိန်းသိမ်းခြင်း အရေးကြီးမှုကို အများ ပြည်သူများ သိရှိနားလည်စေရေးဆောင်ရွက်ပေးရန် အကြံပြုဆွေးနွေးခဲ့သဖြင့် မိမိတို့၏ ဆောင်ရွက် ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

နိဂုံးချုပ်အနေဖြင့် အခုလို (၇၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် မြန်မာနိုင်ငံ မော်ကွန်းတိုက်တွင် အများပြည်သူများကို ပြခန်းများ ခင်းကျင်းပြသခြင်း နှင့် မော်ကွန်းပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပနိုင်တဲ့အတွက် ICA ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မော်ကွန်းတိုက်ရဲ့အခန်းကဏ္ဍနှင့် မော်ကွန်း ပညာရပ်ဆိုင်ရာလုပ်ငန်းများ ကိုလည်း သိရှိစေပြီး နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှု၊မှတ်တမ်း အမွေအနှစ် များ ဆုံးရှုံးမှုမရှိစေရန် နှင့် ထာဝစဉ် တည်တံ့မှုရှိစေရန် ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသည့် မော်ကွန်းပြကွက်များအား လှည့်လည်ကြည့်ရှုပါသည်။

                             ထို့​နောက် သမိုင်းပညာရှင်ဒေါက်တာကျော်ဝင်းမှ ဗြိတိသျှမှတ်တမ်းများတွင်  ပါရှိသော မန္တလေးနန်းတွင်းရတနာများ စာတမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာလတ်လတ်စိုးမှ ကိုလိုနီခေတ်အတွင်း နန်းကျတော်ဝင်မိသားစုများအား ပေးအပ်သည့် နိုင်ငံရေးပင်စင် စာတမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြား​ရေးမှူး ဒေါက်တာဥမ္မာလင်းမှ မြန်မာနိုင်ငံ၊ အမျိုးသားမော်ကွန်းတိုက်၏ ထင်ရှားသည့် မော်ကွန်းများ စာတမ်းခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားကြပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်ကြသည့် ပုဂ္ဂိုလ် များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးကြပါသည်။

ဆက်လက်၍ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာတမ်းဖတ်ကြားသည့် ပုဂ္ဂိုလ်များအား အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပါသည်။

ယနေ့(၉-၆-၂၀၁၉)ရက်နေ့တွင်လည်း အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များနေ့ အထိမ်း အမှတ်အဖြစ် မော်ကွန်းပြကွက်များအား ဆက်လက်ခင်းကျင်းပြသလျှက်ရှိပါသည်။

, , , ,