Open Data Kit (ODK) Software ကို စီမံကိန်း/ လုပ်ငန်း အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေ စောင့်ကြည့်ကြီးကြပ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် ပတ်သက်သည့် အစည်းအဝေးကျင်းပ (နေပြည်တော်၊ စက်တင်ဘာ ၂၅)

, , , , ,

စီမံကိန်းလုပ်ငန်းများ စောင့်ကြည့်ကြီးကြပ်ရာတွင် သတင်းအချက်အလက်နည်းပညာကို အသုံးပြုရန်၊ မြေပြင်ကွင်းဆင်းမှု မသွားရောက်နိုင်သည့်ဒေသများရှိ စီမံကိန်းလုပ်ငန်းဆိုင်ရာအချက်အလက်များကို IT နည်းပညာအသုံးပြု၍ပေးပို့နိုင်ရန်နှင့် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ပြီးစီးမှုကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေရန်ရည်ရွယ်၍ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက် နေမှု အခြေအနေများကို ICT နည်းလမ်း(mobile application) အသုံးပြု၍ ပေးပို့ခြင်းနှင့် စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကို စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရုံးအမှတ်(၃၂) တွင် ၂၅-၉-၂၀၁၈ ရက်နေ့ နံနက်(၀၉:၀၀)နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးဌာန (၁၅)ခု မှ အရာထမ်း/ အမှုထမ်း (၉၈)ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ စီမံကိန်း/ လုပ်ငန်း အကောင်အထည်ဖော်ပြီးစီးမှုအခြေအနေများ IT နည်းပညာအသုံးပြု၍ ပေးပို့ခြင်းကို ကမ္ဘာ့ဘဏ် အကူအညီဖြင့် ၂၀၁၇ခုနှစ် ဇူလိုင်လတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ စမ်းသပ်အသုံးပြုမှု (pilot test) အဖြစ် မြေပြင်ကွင်းဆင်းခဲ့သည့် ခရိုင် (၈) ခု တို့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၀) ခုက ပေးပို့လာသည့် လုပ်ငန်း (၄၈၈) ခု၏ အချက်အလက်များ လက်ခံရရှိခဲ့ကြောင်း၊ IT နည်းပညာ အသုံးပြုခြင်းအားဖြင့် စီမံကိန်းအကောင်အထည်ဖော်ပြီးစီးမှု အခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊ အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေခြင်း၊ ဝန်ထမ်းများအနေဖြင့် ခေတ်မီနည်းပညာ အသုံးပြုမှုနှင့် အကျွမ်းတဝင်ရှိလာစေခြင်း၊ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ကြီးကြပ်နိုင်ခြင်းနှင့် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ပြီးစီးမှုများ အကဲဖြတ်သုံးသပ်ရာတွင် ပိုမိုလွယ်ကူလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် အခမဲ့ဖြစ်သော ODK software ကို အသုံးပြုခြင်းဖြစ်သည့်အတွက် မြန်မာဘာသာဖြင့် ဖြည့်သွင်းရာတွင် အခက်အခဲရှိခြင်း၊ အသုံးပြုသည့် ဖုန်းအမျိုးအစားပေါ် မူတည်၍ အဆင်မပြေမှုများရှိခြင်းနှင့် အကောင်အထည်ဖော်သည့် ဦးစီးဌာန/ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းများရှိနေသေးကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အကုန်တွင် ဌာနပိုင် software ကို အသုံးပြုနိုင်ရန်၊ IT နည်းပညာ အသုံးပြု၍ စီမံကိန်း/ လုပ်ငန်း အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေများ ပေးပို့ခြင်းကို ဆက်လက် ဆောင်ရွက်သွားရန်နှင့် Web-based Project Progress Monitoring System ကို အကောင် အထည်ဖော် ဆောင်ရွက်သွားရန်ရှိပါကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကမ္ဘာ့ဘဏ်မှ IT ကျွမ်းကျင်သူနှင့် ဌာနမှတာဝန်ရှိဝန်ထမ်းများက စမ်းသပ်အသုံးပြုလျက် ရှိသည့် Project Progress Monitoring System၏ Dashboard ​ပေါ်ရှိ ယခင် Pilot Test ​ဆောင်ရွက်ခဲ့မှုမှ ရရှိခဲ့သည့် အချက်အလက်များနှင့် စိစစ်သုံးသပ်မှုပြုလုပ်သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှု အခြေအနေများ ကို mobile application ဖြစ်သည့် ODK software ဖြင့် ထည့်သွင်း ပေးပို့မှုများကို လက်တွေ့ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများမှ သိလိုသည်များ မေးမြန်းခြင်း၊ အကြံပြု ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးပွဲကို နေ့လည် (၁၂:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။