စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများအသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကျင်းပ

စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများအသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း/အမှုထမ်းများ၊ ပဲခူးတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများ စုစုပေါင်း ၁၁၀ ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ စာရင်းအင်းဥပဒေနှင့်နည်းဥပဒေများအား ကောင်းမွန်စွာ နားလည်အသုံးပြုနိုင်ခြင်းဖြင့် အထောက်အထားအခြေပြုမူဝါဒများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်နှင့် စီမံကိန်းများရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရန်ဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက အဖွင့်အမှာစကားပြောကြားရာတွင် စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသစ်ရေးဆွဲ ထုတ်ပြန်နိုင်သည့်အတွက် စာရင်းအင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာ၌ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ဥပဒေနှင့်နည်းဥပဒေများ သက်ဝင်လာစေရေး၊ အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနများအကြား စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေရေး၊ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊  စာရင်းအင်းပြည့်စုံမှန်ကန်စေရေးနှင့် အရည်အသွေးပြည့်ဝပြီး တိကျမှန်ကန်သည့် စာရင်းအင်းအချက်အလက်များ ကောက်ယူစုစည်းမှုများကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသန်းဇော်က စာရင်းအင်းဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲကို နေ့လည် ၁၂:၃၀ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

,