စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

, , , ,

နေပြည်တော် ဇူလိုင် ၁၄

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာဘွဲ့လွန် သင်တန်း ဌာန (GSAD) တွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA) သင်တန်း ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ ရာဇသင်္ဂဟလမ်းရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊  အဆောင် (A) ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ပို့ချ ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက သင်တန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ MPA နှင့် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့ MBA သင်တန်းများကို အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီများ၊ ပြည်ပ ရင်းနှီးမြုပ်နှံသူများ၊ ဘဏ်များစသည့် စီးပွားရေးလုပ်ငန်းအသီးသီးအတွက် လိုအပ်နေသည့် ကျွမ်းကျင်သော ပြည်သူ့ရေးရာစီမံခန့်ခွဲသူများနှင့် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုကျွမ်းကျင် တတ်သိသူများ မွေးထုတ်ပေးရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။

          အဆိုပါ သင်တန်းများကို ယခင်မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ဖွင့်လှစ် သင်ကြားလျက်ရှိရာ နေပြည်တော်ဒေသမှ တက်ရောက်သူများအနေဖြင့် မိတ္ထီလာစီးပွားရေး တက္ကသိုလ်သို့ သွားရောက်ရသည့်  အခက်အခဲများရှိသဖြင့် နေပြည်တော်၌ စနေ၊ တနင်္ဂနွေ နေ့များတွင် လွယ်ကူစွာ ပညာဆက်လက်သင်ကြားနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းစီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယခုဖွင့်လှစ်သည့် သင်တန်းများသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များ၊ NGOs၊ INGOs မှ ဝန်ထမ်းများ ပါဝင်တက်ရောက်လျက်ရှိပြီး MPA သင်တန်းတွင်  သင်တန်းသား၊ သင်တန်းသူ (၂၁၂) ဦး နှင့် MBA သင်တန်းတွင် (၂၀၀)ဦး တက်ရောက်လျက်ရှိသည်။ သင်တန်းကာလမှ (၂) နှစ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)