မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ် (၇၅) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ၊ ဩဂုတ် ၃၁

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် (၉:၀၀) နာရီတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ် (၇၅) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနသည် နိုင်ငံတော်မှကောက်ခံရရှိသည့် အခွန်အကောက်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို နှစ်စဉ် ကောက်ခံပေးလျက်ရှိကြောင်း၊ မြို့နယ်အခွန်ဦးစီးမှူးများအနေဖြင့် သင်တန်းမှဆည်းပူးရရှိလာသည်များကို လက်တွေ့ဆောင်ရွက်မှုများဖြင့်ပေါင်းစပ်ပြီး အခွန်ထမ်းပြည်သူများကို စိတ်ရင်းစေတနာအမှန်ဖြင့် အဂတိတရားကင်းရှင်းစွာ ဝန်ဆောင်မှုပေးကြရန်၊ ပြည်တွင်းအခွန်များဦးစီးဌာနကို အဆင့်မီအခွန်ဌာနတစ်ရပ် ဖြစ်လာစေရေးအတွက် အဓိကဦးတည်အကောင်အထည်ဖော်ရာတွင် ဝန်ထမ်းများ၏လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝရရှိရေးကို ထိရောက်စွာ ကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ယခုဖွင့်လှစ်သောသင်တန်းတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ငွေများကို ကောက်ခံရာ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်း ခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေ၊ တံဆိပ်ခေါင်းခွန်ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ဆက်စပ်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ အောင်ဘာလေသိန်းဆုခွန်နှင့်စပ်လျဉ်းသည့် ညွှန်ကြားလွှာများ၊ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်းသည့် စီမံရေးရာ၊ ငွေစာရင်းနှင့် အခွန်စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ၊ အခွန်မူဝါဒနှင့် သုတေသနဆိုင်ရာ ကိစ္စရပ်များ အခွန်ကောက်ခံမှုဆိုင်ရာသတင်း အချက်ရှာဖွေစုဆောင်းခြင်းနှင့် နည်းပညာအသုံးပြုအခွန်ကောက်ခံသည့်စနစ်များကို ပို့ချပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူသင်တန်းသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး၊ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး၊ ရက်သတ္တပတ် (၄) ပတ်ခွဲကြာ ဖွင့်လှစ် ပို့ချခဲ့သည့် အဆိုပါသင်တန်းသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ သင်တန်းသား / သင်တန်းသူ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ (သတင်းစဉ်)