မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၀) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ၊ စက်တင်ဘာ ၁၁ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီး ဌာနမှူးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၈၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့၊ နံနက် (၉:၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ ကျင်းပရာ အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယခုသင်တန်းတွင် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ အခွန်ဆိုင်ရာ စာရင်းစစ်ဆေးခြင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ICT နည်း ပညာကိုအသုံးပြု၍ အခွန်စည်းကြပ်ကောက်ခံခြင်း၊ လက်တွေ့လုပ်ငန်းတွင် တွေ့ကြုံရမည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်သည့်နည်းလမ်းများကို လက်တွေ့နှင့်စာတွေ့ ပေါင်းစပ်ပြီး သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု အရည်အသွေးများ တိုးတက်နေစေရန် မိမိကိုယ်ကို အမြဲလေ့လာသင်ယူလိုစိတ်၊ တိုးတက်အောင် ကြိုးစားချင်စိတ်များဖြင့် အားထုတ်ကြိုးပမ်းကြစေလိုကြောင်း၊ ယခုသင်တန်းတွင်ပို့ချပေးမည့် အခွန်ဆိုင်ရာ ဘာသာရပ်များကို လေ့လာမှတ်သား၍ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများအား အခွန်ဥပဒေများနှင့်အညီ ပြည့်ပြည့်ဝဝ ကောက်ခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ အခွန်ထမ်း ပြည်သူများအနေဖြင့် အခွန်ဆိုင်ရာကိစ္စရပ်များ သိရှိနားလည်သဘောပေါက်လာအောင် အသိပညာပေးစည်းရုံးဆောင်ရွက်သွားကြရန်နှင့် “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ခံယူချက်ဖြင့် မိမိတာဝန်ယူရသည့် လုပ်ငန်းနယ်ပယ်များတွင် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။ 

ယခုဖွင့်လှစ်သည့် သင်တန်းသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၈၀) ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၈) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။               
သတင်းစဉ်