စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

အစိုးရဌာနများနှင့် အဖွဲ့အစည်းများအတွင်း ခိုင်မာသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ကို တည်ထောင်ကျင့်သုံးနိုင်ရေးအတွက် စွမ်းရည်ပြည့်ဝသောနိုင်ငံ့ဝန်ထမ်းများ မွေးထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့၊ မွန်းတည့် (၁၂:၀၀) နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခဒေါက်တာကံဇော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းစီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအောက်ရှိလုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဦးစီးဌာနများမှ ဌာနအကြီးအကဲများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနအဖွဲ့အစည်း (၃၆) ခုတို့မှ သင်တန်သား/သင်တန်းသူများ တက်ရောက် ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ကျင့်သုံးဆောင်ရွက်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်းများရှိ ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန/အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ ရငွေ၊ သုံးငွေများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြု စီမံကိန်းများကို ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ကြရာတွင် စီမံကိန်းရေးဆွဲခြင်းနှင့် ဘတ်ဂျက်ရေးဆွဲ ခြင်းဆိုင်ရာချိတ်ဆက်ဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန်၊ စီမံကိန်းလျာထားချက်များအတိုင်း ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်စေရန်၊ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်၊ စီမံကိန်းနှင့်ဘတ်ဂျက်အကောင်အထည်ဖော်မှု အစီရင်ခံစာများကို စနစ်တကျ တင်ပြနိုင်စေရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ စာရင်းစစ်ဆေးခံယူမှုများ စနစ်တကျရှိစေရန်တို့ကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို တည်ဆောက်နိုင်မှသာ နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့ကို ရရှိနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ယခုဖွင့်လှစ်သည့်သင်တန်းသို့ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးအဆင့် အရာထမ်း စုစုပေါင်း (၃၆) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄) ပတ်ကြာမြင့်မည်ဖြစ်ပါသည်။ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း (Public Finance Management Academy – PFM Academy) ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ပါသည်။ သင်တန်းကျောင်း စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအခြေခံ သင်တန်း (၃) ခုနှင့် အထူးကာလတိုသင်တန်းများ (၃၈) ခု ဖွင့်လှစ်ပို့ချခဲ့ပြီး၊ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၀၆၁) ဦး တက်ရောက်ခဲ့ကြပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များလေ့ကျင့် ပျိုးထောင်ပေးရေးအတွက် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ (သတင်းစဉ်)

နေပြည်တော်၊ မေ  ၉