နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီသို့ ပေးပို့ထားသည့်လုပ်ငန်းစီမံကိန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေး

နိုင်ငံတော်  စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီသို့ ပေးပို့ထားသည့်လုပ်ငန်း စီမံကိန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂)၊ နေပြည်တော်၌ ၄-၃-၂၀၂၀  ရက်နေ့ ၁၅:၀၀ နာရီတွင် ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းတို့က စီမံကိန်းဘဏ်အတွင်းသို့ ထည့်သွင်းသည့် လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ဗျူဟာမြောက်လုပ်ငန်းများ ဖြစ်စေ ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ ကို ရှင်းလင်းပြောကြားပါသည်။

အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ အဆင့်မြင့်အရာရှိများနှင့် တာဝန်ရှိသူများ စုစုပေါင်း  (၁၆၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကို ၅-၃-၂၀၂၀ ရက်နေ့ နံနက် ၉:၃၀ တွင်ဆက်လက်ကျင်းပရာ ညွှန်ကြား‌ရေးမှူးချုပ် (စီမံကိန်းရေးဆွဲရေးဦးစီးဌာန) က  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် စီမံကိန်းဘဏ်အတွင်းသို့ ထည့်သွင်းရန်အဆိုပြုထားသည့် စီမံကိန်းများ ဗျူဟာမြောက်ဖြစ်စေရေးနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။ တက်ရောက်လာသူများက မိမိတို့ဌာန၏ စီမံကိန်းများအတွက် လိုအပ်ချက်များကို မေးမြန်းခြင်းနှင့် အခြားသိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ပြီး မွန်းလွဲ ၁၂:၃၀ တွင် အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။

, , ,