စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တရုတ်ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးမျိုးသန့်ဖေအား လက်ခံတွေ့ဆုံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးမျိုးသန့်ဖေသည် မြန်မာသံရုံး၊ ပေကျင်းမြို့သို့ သွားရောက်တာဝန်ထမ်းဆောင်ခြင်း မပြုမီ ယနေ့နံနက် (၁၀:၀၀)နာရီတွင် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆)၊ အစည်းအဝေး ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် ကိစ္စ ရပ်များ၊ ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ Project Bank နှင့်သက်ဆိုင်သည့် ကိစ္စရပ်များ၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။(သတင်းစဉ်)

နေပြည်တော်၊ ဩဂုတ် ၂၁ ရက်