စာရင်းစစ်ဆေးခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ စာရင်းစစ်ဆေးခြင်းဆိုင်ရာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နံနက် ၁၀:၀၀ နာရီအချိန်တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က ကော်မရှင်ရုံးသည် ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေ ၁၁၈ နည်းဥပဒေခွဲ (က) အရ ကော်မရှင်၏ အတည်ပြုချက်ရယူထားသည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီနှင့် ကော်မရှင်ကထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် ပါဝင်သော သတ်မှတ်သည့်ရင်းနှီးမြှုပ်နှံသူအရေအတွက်ရှိသည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီတို့က တင်ပြလာသော နှစ်ပတ်လည်အစီရင်ခံစာ၊ နှစ်ဝက်အစီရင်ခံစာနှင့် အထူးအစီရင်ခံစာတို့ကို စစ်ဆေးရကြောင်း၊ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရန်လိုအပ်သည့်အတွက် နှစ်ပတ်လည်အစီရင်ခံစာများကို စနစ်တကျစစ်ဆေးခြင်းသည် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရာရောက်ကြောင်း၊ ယင်းတာဝန်ကို ထမ်းဆောင် နေသည့်ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အလေးအနက်တာဝန်သိမှုနှင့် ပွင့်လင်းမြင်သာမှုများသည် အခရာကျကြောင်း၊ သို့ဖြစ်ပါ၍ ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် စာရင်းစစ်ဆေးမှုနှင့်ပတ်သက်ပြီး အမြဲမပြတ်ထိတွေ့နေရသည့်အတွက် ကျွမ်းကျင်မှုရှိစေရန် ယခုသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း၊ သင်တန်းသင်ကြားရာတွင်လည်း စာရင်းပိုင်းဆိုင်ရာကျွမ်းကျင်သည့် ကော်မရှင်အဖွဲ့ဝင်မှ ထိရောက်စွာသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့်လည်း သင်ကြားပေးသည့်ဘာသာရပ်များအပေါ် ဂရုတစိုက်အလေးထား နားထောင်သင်ကြားပြီး ပိုမိုကျွမ်းကျင်ပြီးအားထားရသည့် ဝန်ထမ်းများဖြစ်လာအောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ သင်တန်းပို့ချသင်ကြားမည့် ကော်မရှင်အဖွဲ့ဝင်မှ စာရင်းစစ်ဆေးခြင်းဆိုင်ရာသင်တန်းတွင် သင်ကြားမည့်ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

          အဆိုပါသင်တန်းသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ဒုတိယဦးစီးမှူးအဆင့်မှ ဒုတိယညွှန်ကြားရေးမှူးအဆင့်အထိ အရာထမ်း၊ အမှုထမ်း (၃၈) ဦးတက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၂၄) ပတ်ကြာမြင့်မည်ဖြစ်ပါသည်။

, ,