Project Bank ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

, ,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Project Bank ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်း စစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြည် ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့စီးပွားရေးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကို လျှောက်လှမ်းရာတွင် စိန်ခေါ်မှုတံတိုင်း များ ဝန်းရံနေပြီး ဝန်ကြီးဌာနအသီးသီးက နည်းလမ်းအဖုံဖုံဖြင့် ကြိုးစားဆောင်ရွက်နေ ကြသည်ကို မြင်တွေ့နေရပါကြောင်း၊ သို့သော် ဦးတည်ရာဖွံ့ဖြိုးမှုပန်းတိုင်တစ်ခုတည်းသို့ သွားရာတွင် ကြိုးစားမှုအားလုံးကို ဟန်ချက်ညီညီဖြင့် ပူးပေါင်းစုစည်းကာ တက်လှမ်းမှ သာလျှင် စိန်ခေါ်မှုတံတိုင်းများကိုကျော်လွှားပြီး ပန်းတိုင်ကို လျန်မြန်စွာ ရောက်ရှိနိုင် မည်ဖြစ်ပါကြောင်း။

ထို့ကြောင့် မိမိတို့နိုင်ငံ ဟန်ချက်ညီညီ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို မဟာဗျူဟာကျကျ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ Myanmar Sustainable Development Plan- MSDP သည် စီမံကိန်းများကို မဟာဗျူဟာကျကျ ရွေးချယ် အကောင်အထည်ဖော်နိုင်ရန်အတွက် ရေးဆွဲ ထားခြင်းဖြစ်ပါကြောင်း။

ယခုအချိန်တွင် ဖွံ့ဖြိုးရေးစီမံကိန်းများကို မဟာဗျူဟာကျကျ ရေးဆွဲ၍ လိုအပ် သောဘဏ္ဍာငွေများကို ရှာဖွေစုဆောင်းမှသာလျှင် မိမိတို့၏ဘဏ္ဍာရေး အရင်းအမြစ် များ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် Myanmar Sustainable Development Plan- MSDPနှင့် Project Bank ကို ရေးဆွဲအကောင်အထည်ဖော်ရ ခြင်းဖြစ်ပါကြောင်း။

ပြည်သူများအတွက် အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံးဖြစ်မည့် စီမံကိန်းများကို ရွေးချယ်၍ Project Bank ထဲသို့ ထည့်သွင်းအကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးရေးကို မဟာဗျူဟာကျကျဆောင်ရွက်သွားရန် ရည်ရွယ်ပါကြောင်း၊ Project Bank ထဲသို့ ရောက်ရှိလာသည့် စီမံကိန်းများကို စိစစ်ရွေးချယ်၍ အစိုးရဘဏ္ဍာငွေအပြင် ဖွံ့ဖြိုးမှုအကူအညီနှင့် ပုဂ္ဂလိက ကဏ္ဍ စသည့် အခြားဘဏ္ဍာငွေအရင်းအမြစ်များမှ ရှာဖွေသုံးစွဲ၍ MSDP ကို အကောင်းဆုံး ကြိုးစားအကောင်အထည်ဖော်သွားမည်ဖြစ်ပါ ကြောင်း။

Project Bank ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ရန်အတွက် အားလုံး တက်ညီလက်ညီ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေးအတွက် တူညီခိုင်မာသည့်နားလည်မှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် က မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)နှင့် Project Bank ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော် စီးပွားရေးရာပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင် ဦးမင်းရဲပိုင်ဟိန်းက Project Bank ပြုစုခြင်းလုပ်ငန်းစဉ်နှင့် ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက Project Bank ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍သိရှိလိုသည်များ ကို မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြကြသည်။

အဆိုပါ Project Bank ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan- MSDP) တွင်ပါရှိသော မဟာဗျူဟာနှင့်လုပ်ငန်းစဉ်များကို ထိရောက်စွာအကောင်အထည်ဖော်ရန် အတွက် နိုင်ငံတော်မှဆောင်ရွက်မည့် ရင်းနှီး မြှုပ်နှံမှုစီမံကိန်းများကို Project Bank တွင်ထည့်သွင်း၍ ပွင့်လင်းမြင်သာစွာ တိကျ သောလုပ်ငန်းစဉ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျင်းပ ခြင်း ဖြစ်သည်။