နိုင်ငံခြားအကူအညီ၊ အထောက်အပံ့နှင့် ချေးငွေတို့ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံချက်များနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပခြင်းကိစ္စ

, ,

၅-၇-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော စီးပွားရေးရာကော်မတီ အစည်းအဝေး (၁၁/၂၀၁၈) တွင် စီးပွားရေးရာ ကော်မတီဥက္ကဋ္ဌက “နိုင်ငံခြားအကူအညီ အထောက်အပံ့၊ ချေးငွေ တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံချက်များ နှောင့်နှေးမှု မရှိစေရေး အတွက် စီမံ/ဘဏ္ဍာဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများကို တိုက်တွန်း ပေးရန်”နှင့် “ODA ချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများအတွက် Consultant များ ငှားရမ်းရာတွင် DACU က ချမှတ်ထားသော Guideline များနှင့်အညီ ဆောင်ရွက်ရန် နှင့် ပုဂ္ဂလိက ကုမ္ပဏီများ နှင့် ပတ်သက်သည့် နည်းပညာ အကြံပေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန်ဖြစ်ပြီး အဆိုပါ ကိစ္စရပ်(၂)ခုကို တစ်ခုနှင့် တစ်ခု ဆန့်ကျင်မှု (Contradiction) မဖြစ်စေရေး သတိပြု ဆောင်ရွက်ရန်” လမ်းညွှန်မှု ပြုခဲ့ပါသည်။

အဆိုပါ  လမ်းညွှန်မှုများနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဦးဆောင်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၁)၊ နေပြည်တော်၌  ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ (၁၃:၀၀) နာရီ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစီအစဉ်အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံခြားအကူအညီ အထောက်အပံ့နှင့် ချေးငွေစီမံချက်များ ဆောင်ရွက် နေသောလုပ်ငန်းများကို သက်ဆိုင်ရာ၀န်ကြီးဌာနများမှ  အကျိုးရှိထိရောက်အောင် စောင့်ကြပ် ကြည့်ရှုရန်၊  ဆန်းစစ်အကဲဖြတ်ရန် နှင့် တွေ့ရှိချက်များကို အစီရင်ခံတင်ပြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းစီမံချက်များနှောင့်နှေးမှုများရှိပါက စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာနမှ ညှိနှိုင်း ဆောင်ရွက် ပေးနိုင်သည့်ကိစ္စရပ်များကို သိရှိလိုပါကြောင်း၊  အီတလီနိုင်ငံနှင့် ပြင်သစ် နိုင်ငံတို့မှ ချေးငွေစီမံချက် များနှင့်စပ်လျဉ်း၍ ထုတ်ယူသုံးစွဲခြင်း မရှိသေးသည်ကိုလည်း သိရှိရပါသဖြင့် လုပ်ငန်းများ အမြန်ဆုံး စတင်နိုင်ရေးအတွက် တိုက်တွန်းပြောကြားလိုပါကြောင်းနှင့်  သက်ဆိုင်ရာ၀န်ကြီးဌာန/  အဖွဲ့အစည်းများက   ပေးပို့လာသောအစီရင်ခံစာများကို  နိုင်ငံတော် သမ္မတရုံးသို့ (၃)လ တစ်ကြိမ် ပေးပို့လျက်ရှိရာ စီမံချက်ဆိုင်ရာ   ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရေးကို  ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါ ကြောင်း ဆွေးနွေးပြောကြားပါသည်။ဆက်လက်၍    နိုင်ငံခြားအကူအညီအထောက်အပံ့၊  နည်းပညာ နှင့်ချေး ငွေစီမံချက်များ အတွက်  Consultant  များ  လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည့်တင်ဒါစနစ်ဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ရန် အကြံပြုဆွေးနွေးခဲ့ပါသည်။

ထို့နောက်တွင်  ငွေတိုက်ဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်က  ပြည်ပချေးငွေများနှင့် ပတ်သက်၍   လုပ်ငန်းစဉ်  အဆင့်ဆင့်တွင် နှောင့်နှေးကြန့်ကြာမှုများ မရှိစေရေးနှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ မှပေးပို့လာသော အစီရင်ခံစာ များမှ တွေ့ရှိချက်များနှင့်  နိုင်ငံခြားအကူအညီ၊ အထောက်အပံ့  သတင်းအချက်အလက်စနစ်  (Aid Information Management System-AIMS)  နှင့်စပ်လျဉ်း၍    နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဦးစီးဌာနက   ရှင်းလင်းတင်ပြခဲ့ပါသည်။

အစည်းအဝေးတက်ရောက်လာသော ပုဂ္ဂိုလ်များက နိုင်ငံခြားအကူအညီ၊ အထောက်အပံ့၊ ချေးငွေ တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများ၊ တွေ့ရှိချက်များအား ဆွေးနွေးခဲ့ကြပြီး နိုင်ငံခြားအကူအညီအထောက် အပံ့ဆိုင်ရာ အချက်အလက်များ မှန်ကန်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့အစည်းများက အမြဲတမ်း အတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။