အရှေ့တောင်အာရှဒေသအပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များကောင်စီ(SARBICA) ၏ (၂၁)ကြိမ်မြောက်အထွေထွေညီလာခံနှင့် (၂၂)ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တက်ရောက်ခဲ့ခြင်း

မလေးရှားနိုင်ငံ ၊ ပူထရာဂျာရာမြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့မှ(၂၆)ရက်နေ့အထိ ကျင်းပခဲ့သည့် အရှေ့တောင် အာရှဒေသ အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များကောင်စီ (SARBICA)၏ (၂၁) ကြိမ်မြောက်​အထွေထွေညီလာခံ နှင့် (၂၂)ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်း အဝေးသို့ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန ၊  ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့် တက်ရောက်ခဲ့ပါသည်။    

အဆိုပါအစည်းအဝေးများကို အရှေ့တောင်အာရှဒေသ အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များ ကောင်စီ (SARBICA) အဖွဲ့ဝင်နိုင်ငံများအချင်းချင်း အားပေးကူညီ၍ မော်ကွန်းပညာရပ်ဆိုင်ရာ အတွေ့အကြုံများဖလှယ်ခြင်းဖြင့် နိုင်ငံများအကြား ခိုင်မာမှုများ ဖန်တီးရန် ၊ တွေ့ကြုံရင်ဆိုင်ရမည့် အခက်အခဲများ ၊ စိန်ခေါ်မှုများအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် နှင့် မော်ကွန်းများထဲမှ အချက်အလက်များသည် ပညာရပ်ဆိုင်ရာနှင့်် တီထွင်မှုနယ်ပယ်များအတွက် အသုံးပြုနိုင်သည်ဆိုသည့်  သတင်းအချက်အလက်များအား အသိပညာ ပြန့်ပွားရေး ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့်  ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အစည်းအဝေးသို့ SARBICA အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊စင်ကာပူ ၊ ထိုင်း ၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် ၊ ဘရူနိုင်းဒါရုဆလမ် ၊  မြန်မာ ၊ မလေးရှား ၊ လာအို နှင့် အင်ဒိုနီးရှားနိုင်ငံ မော်ကွန်းတိုက်များမှ ဌာနအကြီးအကဲများတက်ရောက်ခဲ့ပါသည်။ 

          ညွှန်ကြားရေးမှူးချုပ် မှ မြန်မာနိုင်ငံမော်ကွန်းတိုက်၏ မှတ်တမ်းမော်ကွန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းထားရှိမှုများ ၊ နယ်ပယ်အသီးသီးအတွက် အထောက်အကူပြု ဆောင်ရွက်ပေးနိုင်ခဲ့မှုများ ၊ အခက်အခဲများနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ ကို ဆွေးနွေးခဲ့ပါသည်။  တက်ရောက်လာသည့် အဖွဲ့ဝင် နိုင်ငံများမှ အလုပ်အမှုဆောင် ဌာနအကြီးအကဲများမှလည်း ၎င်းတို့ မော်ကွန်းတိုက်များ၏ မော်ကွန်းများထိန်းသိမ်းထားရှိမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးကြပြီး နိုင်ငံများအချင်းချင်း မော်ကွန်းပညာရပ်ဆိုင်ရာ အတွေ့အကြုံများ ဖလှယ်နိုင်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် မလေးရှားနိုင်ငံ ၊ စင်ကာပူနိုင်ငံ ၊ အင်ဒိုနီးရှားနိုင်ငံ ၊ ဗီယက်နမ်နိုင်ငံ ၊ ထိုင်းနိုင်ငံ တို့မှ စာတမ်းများ ဖတ်ကြားခဲ့ကြပြီး ၂၀၁၈-၂၀၂၀ ခုနှစ် အတွက် အရှေ့တောင်အာရှဒေသအပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များကောင်စီ ဥက္ကဌ တာဝန်ကို  ဖိလစ်ပိုင်နိုင်ငံ နှင့် ဒုတိယဥက္ကဌ တာဝန်ကို  မြန်မာနိုင်ငံ အမျိုးသား မော်ကွန်းတိုက်တို့အား တာဝန် ပေးအပ်ခဲ့ပါသည်။