စီမံချက် ရေးဆွဲရေး သင်တန်း ဖွင့်ပွဲ အခမ်းအနား သို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင် မှ ဖွင့်ပွဲအမှာ စကား ပြောကြား

, ,

အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကြီးမှူး၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ ပြုလုပ်သည့် စီမံချက် ရေးဆွဲရေး သင်တန်းကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ နေပြည်တော် Park Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ လာ ရောက်ပို့ချသူ ၅ ဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူ အပါအဝင် ၅၅ ဦး၊ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် (အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိ) ဦးထွန်းထွန်းနိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် အာဆီယံ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် မူဝါဒများကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် အကောင်အထည် ဖော်ဆောင်ရွက်ရမည့် နိုင်ငံ့ဝန်ထမ်းများအတွက် စီမံချက်ရေးဆွဲရေး သင်တန်းသည် အရေးကြီးသည့် စွမ်းဆောင် ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းတစ်ခုဖြစ်ကြောင်း၊ အာဆီယံတွင် ဆောင်ရွက်လျက်ရှိ သည့် အဆိုပြုစီမံချက်များသည် အရေအတွက်အားဖြင့် အနည်းငယ်သာရှိပြီး အဖွဲ့ဝင်နိုင်ငံ များအကြား စီမံချက်ခွဲဝေမှုများ ညီမျှမှုမရှိကြောင်းကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ လေ့လာသုံးသပ်ထားပါကြောင်း၊ စီမံချက်များ တင်သွင်းရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် အရည်အသွေးပြည့်မီသော စီမံချက်များ တင်သွင်းနိုင်ရန်အတွက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကမ်းလှမ်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအတွက် အဆိုုပြုခွင့်ရရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းပြီးမြောက်သွားပါက အာဆီယံ၏ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များ၊ စီမံချက် အကောင်အထည်ဖော်ခြင်း၊ အကဲဖြတ်ခြင်းနှင့် အစီရင်ခံတင်ပြခြင်း များကို သိရှိနားလည်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ် သင်တန်းသားများသည် မြန်မာနိုင်ငံအတွက် အကျိုးရှိသည့် စီမံချက်များ တင်သွင်းနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။


အဆိုပါသင်တန်းကို အာဆီယံနိုင်ငံများအတွင်း ဆောင်ရွက်လျက်ရှိသည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု Project များတွင် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများတွင် အရည်အသွေး ပြည့်ဝသည့် စီမံချက်များ တင်သွင်းနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။
သင်တန်းကို အာဆီယံဖွံ့ဖြိုးမှု ရန်ပုံငွေအောက်မှ အထောက်အပံ့ဖြင့် ၂ ရက်ကြာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းတွင် အာဆီယံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို တင်သွင်းပုံ၊ စီမံချက်များ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ခြင်းများကို ဆောင်ရွက် သည့် နည်းစနစ်များအပြင် ဘဏ္ဍာငွေ ခွဲဝေချထားမှုနှင့် စီမံချက် အစီရင်ခံစာ တင်သွင်းခြင်း စသည့်အကြောင်းအရာများကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များမှ ဆွေးနွေးပို့ချခဲ့ပါသည်။


ဆက်လက်၍ သင်တန်းပိတ်ပွဲအခမ်းအနားကို ၃-၁၀-၂၀၁၇ ရက်နေ့ ညနေပိုင်းတွင် ကျင်းပခဲ့ရာ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။


ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်မှ သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ယခုသင်တန်းသည် အရည်အသွေးရှိသော စီမံချက် အဆိုပြုလွှာများ တင်သွင်းနိုင်ရန် မြှင့်တင်ပေးသည့် သင်တန်းဖြစ်သည့်အတွက် သင်တန်းသားများ အနေဖြင့် သင်တန်း ၂ ရက် တာကာလအတွင်း ပို့ချခဲ့သော စီမံချက်အဆိုပြုလွှာ ရေးသားပုံ၊ ဘဏ္ဍာရေး အစီရင်ခံစာ တင်သွင်းပုံတို့ကို မည်ကဲ့သို့လုပ်ဆောင်ရမည်ကို သေချာစွာ နားလည်သဘောပေါက် လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုသင်တန်းမှ ရရှိခဲ့သော ဗဟုသုတများကိုများကို အခြားသူများကိုလည်း ဖြန့်ဝေပေးပြီး မိမိတို့သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ မည်သည့် စီမံချက်များကို တင်သွင်းသင့်သည်ကို ကောင်းစွာနားလည်သဘောပေါက်၍ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ တင်သွင်းကြစေလိုကြောင်း၊ နိဂုံးချုပ်အနေဖြင့် အာဆီယံ အတွင်း ရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် စီမံချက်ရေးဆွဲရေး သင်တန်းအား စီစဉ်ဆောင်ရွက် ပေးသော အာဆီယံစီးပွားရေး အသိုက်အဝန်း မဏ္ဍိုင်တို့အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းပိတ်ပွဲ အခမ်းအနားသည် ညနေ ၄း၃၀ အချိန်တွင် ပြီးဆုံး ခဲ့ပါသည်။