ဗဟိုစာရင်းအင်းအဖွဲ့(CSO)နှင့် မြန်မာ့ဖွံ့ဖြိုးမှုအဖွဲ့အစည်း(MDI)တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ

မြန်မာ့ဖွံ့ဖြိုးမှုအဖွဲ့အစည်း(MDI)သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်း အင်း အဖွဲ့(CSO)နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ လူမှုစီးပွားမှုနယ်ပယ်များတွင်  သုတေသန ပြုလုပ်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  မြန်မာ့ဖွံ့ဖြိုးမှု အဖွဲ့အစည်း ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင် ဒါရိုက်တာနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
အခမ်းအနားတွင် မြန်မာနိုင်ငံ၏ လူမှုစီးပွားနယ်ပယ်များတွင်  သုတေသန ပြုလုပ် နိုင်ရန် အတွက် နားလည်မှုစာချွန်လွှာကို ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်နှင့် မြန်မာ့ဖွံ့ဖြိုးှုအဖွဲ့အစည်း အလုပ်အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းရဲပိုင်ဟိန်းတို့က လက်မှတ် ရေးထိုး လဲလှယ်ခဲ့ကြသည်။

အဆိုပါ နားလည်မှုစာချွန်လွှာသည် လက်မှတ်ရေးထိုးပြီးသည်နှင့် တပြိုင်နက် အသက်ဝင် မှာဖြစ်ပြီး စာချွန်လွှာသက်တမ်းသည်(၅)နှစ် ဖြစ်ပါသည်။ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ခြင်းဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် သုတေသန  လုပ်ငန်းများ ပူးတွဲလုပ်ဆောင နိုင်လာခြင်းဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးမှုကို ပံ့ပိုးကူညီ ပေးနိုင်သည့် မူဝါဒများ ပံ့ပိုးပေးနိုင်ရန် ဖြစ်ပါသည်။

ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့်လည်း သုတေသနလုပ်ငန်းများ ပြုလုပ်ရာတွင် လိုအပ်သော စာရင်းအင်းအချက်အလက်များကို မျှဝေပေးခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း နှင့် နည်းပညာပိုင်း ဆိုင်ရာ သင်တန်းများအတွက် လိုအပ်သော သင်တန်း ခန်းမနေရာကူညီ ပေးခြင်းတို့ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မြန်မာ့ဖွံ့ဖြိုးမှုအဖွဲ့အစည်း (MDI) အနေဖြင့်လည်း ဗဟိုစာရင်းအင်းအဖွဲ့၏ စာရင်းအင်း ဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လည်းကောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အကောင်အထည်ဖော်ရန် ရည်မှန်းချက်များကို အကဲဖြတ်ခြင်းနှင့် ညွှန်းကိန်းများကို တွက်ထုတ်ရာတွင် လည်းကောင်း ကူညီပံ့ပိုးပေးမည့် နည်းပညာ ပိုင်းဆိုင်ရာ လိုအပ်သောသင်တန်းများကို အကူအညီအထောက်အပံ့ပေးခြင်း ဖြင့် သုတေသနလုပ်ငန်း များကို အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
နှစ်ဘက်အဖွဲ့အစည်းသည် လိုအပ်သောသတင်းအချက်အလက်များကို မျှဝေခြင်း၊ နည်း ပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးခြင်း၊ သင်တန်းများပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် မြန်မာနိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးသည့် သုတေသန လုပ်ငန်းများကို ထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။  

နေပြည်တော် သြဂုတ် ၁
(သတင်းစဉ်)