မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ မွေးမြူရေး လုပ်ငန်းရှင်များမှ တင်ပြချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ မွေးမြူ ရေး လုပ်ငန်းရှင်များမှ တင်ပြချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် ၃ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၊ အစည်းအဝေးခန်မ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေး၊ ရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မွေးမြူရေးလုပ်ငန်းအားလုံး ကျယ်ကျယ်ပြန့်ပြန့် ထူထောင်ရန်  မွေးမြူရေး လုပ်ငန်းရှင် များမှ ဆောင်ရွက်နိုင်မည့်အပိုင်း ၊ နိုင်ငံတော်မှ ပံ့ပိုးပေးနိုင်မည့်အပိုင်းများကို  အသေးစိပ် ဆွေးနွေးညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အစိုးရ ဆိုသည်မှာ စီးပွားရေး လုပ်ဆောင်ရန် မလိုကြောင်း၊ အစိုးရသည် အမှန်တကယ် စီးပွားရေးလုပ်ကိုင်မည့်သူများကို စီးပွားရေး လုပ်ကိုင်ချင်လာအောင် မြေတောင်မြှောက်ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ပို့ကုန်ကို လည်း အခြားအခြားသော  အိမ်နီးချင်းနိုင်ငံများ၌သာ မကပဲ အဝေးသို့ နယ်ချဲ့ထိုးဖောက်နိုင်အောင် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရေ၊ မြေ များရှိပြီး လိုအပ်သည့် အကူအညီ အထောက်အပံ့များ ပေးပြီး မလိုလားအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အကန့် အသတ်များကို ဖယ်ရှားပေးလိုက်လျင် မလွဲမသွေ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊

ပြည်တွင်း မှာရှိသည့် အခြေခံအဆောက်အဦများနှင့် ပိုင်ဆိုင်မှုများ၊ အတွေ့အကြုံများကို အခြေခံပြီး နိုင်ငံတော် အစိုးရ အနေဖြင့် လုပ်သင့်လုပ်ထိုက်သည့် အစီအမံများနှင့် မူဝါဒများ ချမှတ်ပေးလိုက်လျင် မဖြစ်မနေ အောင်မြင်မည်မှာ သေချာပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့စီးပွားရေးကို တိုးတက်အောင် လုပ်ကိုင်နေသည့်အပြင် တစ်ဖက်တွင်လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ် ဖက်တစ်လှမ်းမှ ပါဝင်လုပ်ကိုင်နေသည်ဟု ခံယူစေလိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် မြေနေရာ ၊ ချေးငွေ ၊ နည်းပညာပိုင်းများကို ထောက်ပံ့ပေးနိုင်ရန်အတွက် လေ့လာထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် မွေးမြူရေး လုပ်ငန်းရှင်များအသင်းအနေဖြင့် တစ်နိုင်ငံလုံးတွင်ရှိသည့် လုပ်ငန်းရှင်များအားလုံး ပါဝင်ဆောင်ရွက်နိုင်အောင် ဦးဆောင်ပြီး ဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အားလုံး တစ်ပြေးညီ မှန်ကန်သည့် မူဝဒ၊ မှန်ကန်သည့် စနစ်ဖြင့်သွားလျင်  တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးဖြစ်ထွန်း စေမည် ဖြစ်ပါကြောင်း၊ ပြည်ပကို တင်ပို့ရာတွင်လည်း တားမြစ်ကုန်စည်ဖြစ်သည့် ကျွဲ ၊ နွား များကို ပြည်ပသို့ တင်ပို့ခွင့် မပြုကြောင်း၊ တင်ပို့ခွင့် မပြုရခြင်းမှာလည်း လယ်ယာကဏ္ဍ ထုတ်လုပ်ရေး ကျဆင်းမှာ စိုးရိမ်သည့်အတွက် ဖြစ်ကြောင်း ၊ ခြံနှင့် ဝန်းနှင့် စနစ်တကျ သေချာ မွေးမြူပြီးမှသာ တင်ပို့ရောင်းချလျင် ပိုပြီး Sustainable  ဖြစ်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်း ဖူလုံမှ ပြည်ပသို့ တင်ပို့နိုင်သည့် နည်းလမ်းများကို ရယူပြီး တည်ငြိမ်သည့်  စီးပွားရေး ဈေးကွက်ဖြစ်အောင် ဆောင်ရွက်ကြရန် လိုပါကြောင်း၊ မွေးမြူရေးမှ ဆင့်ပွားလာသည့် လုပ်ငန်းများကို  ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီး လုပ်ကိုင်သွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တက်စွမ်းသမျှ ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များဘက်မှလည်း လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများထက် ပိုပြီး အဆင့်မြင့် မားသည့် လုပ်ငန်းများ ဖြစ်လာရန်နှင့် ထုတ်လုပ်လိုက်သည့် ကုန်စည်၏ ဈေးနှုန်းများ၊ အရည်အသွေးများ၊ ဝန်ဆောင်မှုများကိုလည်း ပြည်သူများအတွက် ပိုပြီးကောင်းလာအောင် စဉ်းစားလုပ်ကိုင်စေလိုကြောင်း၊  လုပ်ကိုင်လိုသည်များနှင့် လိုအပ်ချက်များကို အသေးစိတ် ဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ အဖွဲ့ဝင်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ မွေးမြူရေး ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးနှင့်  စပ်လျဉ်း၍ လက်ရှိလုပ်ကိုင်နေသည့် အခြေအနေများနှင့် ရှေ့ ဆက်လက်လုပ်ကိုင်မည့် အခြေအနေများကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးမှ တင်ပြဆွေးနွေးချက်များအပေါ် အသေးစိတ် ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်း စပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော် ဇူလိုင် ၁၄