ရန်ကုန်စတော့အိပ်ချိန်း၏ (၇) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပ

ရန်ကုန် ၊ မတ် ၂၆

ရန်ကုန်စတော့အိပ်ချိန်း၏ (၇) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့၊ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ PARKROYAL Yangon ဟိုတယ်၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် ငွေချေးသက်သေ ခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီး ကြပ်ရေးကော်မရှင်အဖွဲ့ ဝင်များ၊ ရန်ကုန်စတော့အိပ်ချိန်း အုပ်ချုပ်မှုဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဥက္ကဋ္ဌ၊ စာရင်းဝင် ကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ငွေချေးသက် သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက အမှာစကားပြော ကြားရာ၌ နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ကြိုးပမ်းရာတွင် အရင်းအနှီးရရှိနိုင်မှု သည် အဓိကလိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်ရာ ကမ္ဘာ့နိုင်ငံအများအပြားတွင် အရင်းအနှီး ဈေးကွက်များ ထူထောင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်ကို တွေ့မြင်ရကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့်လည်း  အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို ၁၉၉၆ ခုနှစ်ဝန်းကျင် ကပင် စတင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပထမခြေလှမ်းဖြစ်သော မြန်မာနိုင်ငံစတော့ ဈေးကွက်၏ အမြုတေဟုဆိုရမည့် Myanmar Securities Exchange Center (MSEC) ကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ထိုအချိန်က ကုမ္ပဏီအချို့၏အစုရှယ်ယာများကို စတင်အရောင်းအဝယ် လုပ်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ (မူကြမ်း) ပြုစုခြင်းအပါအဝင် ဈေးကွက်အခြေခံလိုအပ်ချက်များကိုလည်း တည်ဆောက်နိုင်ခဲ့ ကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး၊ ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးနည်း ဥပဒေများကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း။     

ထို့ပြင် လုံခြုံစိတ်ချရသည့် စတော့စျေးကွက်ဖြစ်ပေါ်လာစေရန်နှင့် စတော့စျေးကွက်တစ်ခု လုံးကို စည်းမျဉ်းစည်းကမ်းများဖြင့် စနစ်တကျ ထိန်းကျောင်းနိုင်စေရန်အတွက် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဥက္ကဋ္ဌအဖြစ်‌ဆောင်ရွက်သည့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ကိုလည်း ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ကြောင်း၊ 
ထို့နောက် မြန်မာ့စီးပွားရေးဘဏ်၊ ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသနအဖွဲ့နှင့် ဂျပန်အိပ်ချိန်းအုပ်စုတို့ ဖက်စပ်ဖွဲ့စည်းတည်ထောင်ထားသည့် ရန်ကုန်စတော့အိပ်ချိန်းကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ ပထမဆုံးစာရင်းဝင်ကုမ္ပဏီဖြစ်သည့် FMI ကုမ္ပဏီ၏ ရှယ်ယာများ ကို ၂၀၁၆ ခုနှစ်၊ မတ်လ ၂၅ ရက်မှ စတင်လက်ခံ၍ အရောင်းအဝယ်ပြုလုပ်ခဲ့ရာ ယခုအခါ ၇ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ၇ ခု၏ ရှယ်ယာများ ကို ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ၆ ခုမှတစ်ဆင့် အရောင်းအဝယ်များပြုလုပ်နေကြသည်ကို တွေ့ရှိရ၍ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။

နိုင်ငံတော်အနေဖြင့် ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ထားသည့်ကုမ္ပဏီများအတွက် Corporate Income Tax ဖြေလျှော့ပေးခြင်းကို နှစ်စဉ် ပြည်ထောင်စုအခွန်အကောက်ဥပ‌‌ဒေ ပြဋ္ဌာန်းသည့်အခါတွင် ထည့်သွင်းပြဋ္ဌာန်းပေးပြီး စာရင်းဝင်ကုမ္ပဏီများအတွက်ဈေးကွက် ယှဉ်ပြိုင် နိုင်စွမ်းများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ စာရင်းဝင်ကုမ္ပဏီများဘက်ကလည်း မိမိတို့လုပ် ငန်းများကို တည်ဆဲဥပဒေများအနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ တစ်ဖက် တွင်လည်း ကောင်းမွန်သည့် Corporate Governance စနစ်များ၊ ပွင့်လင်းမြင်သာမှုရှိစွာ ဖွင့်ဟကြေညာသည့် Disclosure စနစ်များကို အလေးထားလိုက်နာကြရန် လိုအပ်ပါကြောင်း၊  ထို့ပြင် မိမိတို့ကုမ္ပဏီ၏ရှယ်ယာများကို ဝယ်ယူရင်းနှီးမြှုပ်နှံထားသည့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုရရှိစေနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း ပို၍ အောင်မြင်တိုးတက်သောကုမ္ပဏီများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မြန်မာ နိုင်ငံ၏ တစ်ခုတည်းသောစတော့ဈေးကွက်ဖြစ်သည့် ရန်ကုန်စတော့အိပ်ချိန်း ယခုထက် ပိုမိုအောင်မြင်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်း စသည်ဖြင့် ပြောကြားသည်။ 

    ထို့နောက် ရန်ကုန်စတော့အိပ်ချိန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းနိုင်ဦး၊ မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း ဥက္ကဋ္ဌ ဦးဝမ်းတင်တို့က အမှာစကားများ အသီးသီး ပြောကြား ကြသည်။

    ဆက်လက်၍ ရန်ကုန်စတော့အိပ်ချိန်း၏ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်း ဦး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင် (ငြိမ်း) ဒေါ်တင်မေဦး၊ Win Thin & Associates ၏ Managing Partner ဦးမိုးကျော်၊ MAEX ၏ ဒါရိုက်တာ ဦးသူရိန် အောင် နှင့် Myanmar Legal MHM Limited ၏ အကြံပေး ဒေါ်သစ်သစ်အောင်တို့က Future Growth with Financing Options in Myanmar ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေး‌နွေးပွဲ ကျင်းပ ကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်