ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် 

နေပြည်တော် ၊ ဖေဖော်ဝါရီ  ၁၃ 

မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့၊ နံနက် (၈:၀၀) နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွား ရေးဘဏ်၊ မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာ့စီးပွားရေးဘဏ်မှ အထွေထွေမန်နေဂျာများ၊ မြန်မာ့စီးပွားရေးဘဏ်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ မန်နေဂျာများနှင့် ခရိုင်ဘဏ်ခွဲမန်နေဂျာများ တက်ရောက်သည်။ ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမှာစကားပြောကြားရာ၌ မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံတော်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် နိုင်ငံပိုင်ဘဏ်ကြီးတစ်ခုဖြစ်ပါကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပကတိအခြေအနေများအပေါ်အခြေခံ၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအတွက် အလေးအနက်ထား ညှိနှိုင်းဆွေးနွေးကြရန် ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး မြန်မာ့စီးပွားရေးဘဏ်က အကောင်အထည်ဖော်ရန်ချမှတ်ထားသည့် ဦးတည်ချက် (၆) ရပ်ကို အောင်မြင်စွာအကောင်အထည်ဖော်ရေးအတွက် ဘဏ်ဝန်ထမ်းများအားလုံးက လက်တွဲညီညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရသည့် အခက် အခဲများကို ကြံ့ကြံ့ခံရပ်တည်ရင်ဆိုင်ရင်း ဘဏ်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် ဘဏ်ဝန်ထမ်းများ၏ ဆောင်ရွက်မှုများအား အသိအမှတ်ပြု ပါကြောင်း၊ လက်ရှိအခြေအနေတွင် အချို့ဒေသများ၌ ပြည်သူများ ဘဏ်နှင့်ဆက်သွယ်ဆောင် ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ဘဏ်ဝန်ထမ်းများက အခက်အခဲများကြားမှ ဆောင်ရွက်ပေးနေရသဖြင့် တာဝန်ရှိသူများအနေဖြင့် ဘဏ်ဝန်ထမ်းများနှင့် အမြဲထိတွေ့၍ ကြီးကြပ်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ လိုအပ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုနှင့်အတူယှဉ်တွဲဆောင်ရွက်နေရသည့်ကာလဖြစ်၍ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး ဆောင်ရွက်ကြစေလိုကြောင်း၊ အရာရာတွင် သတိနှင့်ယှဉ်လျက် လူလုံခြုံရေး၊ ပစ္စည်းလုံခြုံရေးနှင့် သတင်းလုံခြုံရေးတို့ကို အမြဲဂရုစိုက်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံငွေများ ထူထောင်၍ စီးပွားရေးလုပ်ငန်းရှင်များသို့ အတိုးနှုန်းသက်သာသောချေးငွေများကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) စသည့် ကဏ္ဍစုံသို့ ချေးငွေများ ပံ့ပိုးထုတ်ချေး လျက်ရှိပြီး၊ ချေးငွေများကို မူလရည်မှန်းချက်များ မပျောက်ပျက်စေဘဲ အကျိုးရှိရှိ ထိရောက် စွာဖြင့် စနစ်တကျသုံးစွဲနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ ထုတ်ချေးထားသောချေးငွေများကို သတ်မှတ်ပေးထားသည့်ကာလအတွင်း ချေးငွေ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ပေးဆပ်နိုင်ရေးကိုလည်း အမြဲမပြတ်တွန်းအားပေး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ Non-performing loan (NPL) များ ကျဆင်းရေးနှင့် Quality loan များဖြစ်လာစေရေးတို့ကို ရည်မှန်းချက်ထား၍ ယင်းလုပ်ငန်းများအောင်မြင်စေရန် ဘဏ်ဝန်ထမ်းများအားလုံးက အသိစိတ်ဓာတ်ရှိရှိဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နည်းပညာပြောင်းလဲတိုး တက်လာမှုများနှင့်အတူ မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းကိုလည်း Cash-based Society မှ Cashless Society အဖြစ်သို့ရောက်ရှိနိုင်ရေးအတွက် တဖြည်းဖြည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာအဆင့်မီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုစနစ် (Core Banking) အသုံးပြုဆောင် ရွက်နိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်နှင့် ဘဏ်ဝန်ထမ်းများအားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း၊ ထို့ပြင် ဘဏ်လုပ်ငန်းစနစ် ခေတ်မီဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့် ဘဏ်ဝန်ထမ်းများအနေဖြင့်လည်း တိုးတက်ခေတ်မီသည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်လေ့လာပြီး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာရေးကို မျက်ခြည်ပြတ်မခံဘဲ လေ့လာဆည်းပူးကြိုးစား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားပါသည်။ နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်သည် ဘဏ္ဍာရေးနှစ်အလိုက် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို နှစ်စဉ်ပြုလုပ်လျက်ရှိရာ ယခုနှစ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ကဏ္ဍအလိုက်ဆွေးနွေးမှုများအပြင် စာတမ်းဖတ်ပွဲများ၊ ကဏ္ဍအလိုက်ဆွေးနွေးညှိနှိုင်းပွဲများ အပါအဝင် ၁၃-၂-၂၀၂၃ ရက်မှ ၁၇-၂-၂၀၂၃ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)