စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ပြည်ပနိုင်ငံများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများအား တွေ့ဆုံ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ပြည်ပနိုင်ငံ များတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှုးများအား ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားပါသည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေးတို့ကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ စီးပွားရေးသံမှူးများကို ပြည်ပနိုင်ငံများသို့ စေလွှတ်တာဝန်ထမ်းဆောင်စေလျက်ရှိကြောင်း၊ စီးပွားရေးသံမှူးများသည် ကုန်သွယ်ရေးသာမက နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သက် ဆိုင်သည့် အခြားစီးပွားရေးကဏ္ဍများအတွက်ပါ အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း နိုင်ငံ၏စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဟု လမ်းညွှန်မှာကြားထားမှု ရှိပါကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကို ရှေးရှု၍ နိုင်ငံအတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်နှင့် ပြည်ပနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်နိုင်ရန် အတွက် စီးပွားရေးသံမှူးများက အထူးကြိုးပမ်းဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ နိုင်ငံကိုယ်စား ပြုသွားရောက်တာဝန်ထမ်းဆောင်ကြခြင်းဖြစ်၍ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း လာစေရေး ဆောင်ရွက်ကြရာတွင် နိုင်ငံတော်၏ ပကတိအခြေအနေမှန်များအား သေချာစွာ အသိပေးရှင်းပြပေးကြစေလိုကြောင်း၊ထို့ပြင် ပြည်ပတွင်သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများ၏လွှဲပို့ငွေများအား တရားဝင်ဘဏ်လမ်းကြောင်းဖြင့် လွှဲပို့နိုင်ရေးကိုလည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ ရောက်ရှိတာဝန်ထမ်းဆောင်သော နိုင်ငံအပြင် အခြားကမ္ဘာ့နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်လာစေရန် ကြိုးပမ်းကြစေလိုကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားပါသည်။

 

ထို့နောက် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း တို့က ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ရေးဆိုင်ရာကိစ္စရပ်များတွင် သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ကို အသီးသီး မှာကြားခဲ့ကြပါသည်။

 

တွေ့ဆုံပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ကြီးဌာနများမှ ရွေးချယ်ထားသည့် စီးပွားရေးသံမှူးတာဝန်ထမ်းဆောင်မည့် အရာထမ်း (၁၆) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

      သတင်းစဉ်