မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့၊ နံနက်ပိုင်း တွင် ကျင်းပသည့် မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံပိုင်ဘဏ်များအနက် အကြီးဆုံးဘဏ်ဖြစ်ပြီး၊ နိုင်ငံအနှံ့တွင် ဘဏ်ခွဲပေါင်းများစွာဖြင့် ဘဏ် လုပ်ငန်းများဆောင်ရွက်နေသည့်ဘဏ်ကြီး တစ်ဘဏ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ဘဏ္ဍာငွေ အရင်းအမြစ်များကို တည်ဆဲဘဏ်ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုးမြှင့်စုစည်းပြီး စီးပွားရေးကဏ္ဍအသီးသီးအတွက် ချေးငွေများပံ့ပိုးပေးခြင်း၊ ဘဏ်လုပ်ငန်းဝန် ဆောင်မှုများပေးခြင်းတို့ဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့် စီးပွားရေးမူဝါဒ ထိရောက်စွာအကောင်အထည်ဖော်မှုကို အထောက်အကူပြုလျက်ရှိကြောင်း၊ ယခုညှိနှိုင်းအစည်းအဝေးတွင်  ပြီးခဲ့သည့် ၆ လ ဘဏ္ဍာရေးနှစ်၏ လုပ်ငန်းဆောင်ရွက်မှုများမှ အားသာချက်နှင့် အားနည်းချက်များကို သုံးသပ်ဖော်ထုတ်ပြီး ဘဏ်ခွဲတစ်ခုချင်းအလိုက် ဘဏ်၏မူဝါဒ၊ ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ အားနည်းချက်နှင့်အားသာချက်များကိုအခြေခံ၍ လာမည့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပိုမိုပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းစီစဉ်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများ စနစ်တကျရှိရေးနှင့် ငွေကြေးအလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေး အတွက် ဘဏ်ခွဲများအား ထိရောက်စွာ စစ်ဆေးကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက Non-Performing Loan (NPL) ကြွေးကျန်များ ကျဆင်းလာရေးနှင့် ထိရောက်စွာကောက်ခံရရှိရေးကိစ္စများကို စဉ်ဆက်မပြတ် အလေးအနက်ထားပြီး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ငွေကြေးအလွဲသုံးစားမှုများ၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ် များ မဖြစ်စေရေးအတွက် ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများကို စီမံချက်နှင့်အညီ လစဉ်ထိရောက်စွာ ကြီးကြပ်စစ်ဆေး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဘဏ်ခွဲမန်နေဂျာများအနေဖြင့် လက်ရှိအခြေအနေတွင် ငွေသားထုတ်ယူမှုများပြားပြီး အကန့်အသတ်ဖြင့်ထုတ်ပေးနေရခြင်းအပေါ် သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားလိုကြေင်း၊ ယခုအခါ ဘဏ်လုပ်ငန်းကဏ္ဍတွင် ငွေသားထုတ်ပေးမှုများ ယခင်ကထက် ပိုမိုတိုးတက်လာသည့် အခြေအနေကောင်းတစ်ခုသို့ ထိန်းသိမ်းဆောင်ရွက်လာနိုင်သည်ကို တွေ့ရကြောင်း၊ အခက်အခဲများကြားတွင် ဝန်ထမ်းများအားလုံး စုစည်းညီညွတ်စွာဖြင့် ကြံ့ကြံ့ခံရပ်တည်ပြီး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ခြင်းအား အသိအမှတ်ပြုပါ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုများရှိသကဲ့သို့ တစ်ဖက်တွင်လည်း ဘဏ်လုပ်ငန်း များကို digital စနစ်ဖြင့်ဆောင်ရွက်သည့် e-Payment နှင့် Online Banking များဖြင့် ဆောင်ရွက်မှုများကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်သည်ကိုတွေ့ရကြောင်း၊ ဆက်လက်၍လည်း ပိုမိုထိရောက်မှုရှိသည့် Core Banking စနစ်ကျင့်သုံး၍ ငွေကြေးနှင့် ဘဏ် လုပ်ငန်းဝန်ဆောင်မှုများကိုပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အချို့နယ်မြေဒေသများ၏လုံခြုံရေးအခြေအနေအရ တာဝန်ထမ်းဆောင်နေကြသည့်ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းလုံခြုံရေး၊ ဘဏ်လုံခြုံရေး၊ ငွေသားလုံခြုံရေးနှင့်ပစ္စည်းလုံခြုံရေးများကို အထူးသတိထားပြီး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကြီးကြပ်သူဝန်ထမ်းများအနေဖြင့် အောက်ခြေဝန်ထမ်းများနှင့်မပြတ်ထိတွေ့ပြီး လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ဒေသဆိုင်ရာအာဏာပိုင်များနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ ပြည်သူ့ဝန်ထမ်းကောင်းများပီပီ ကိုယ်ချင်းစာစိတ်ဖြင့် ပြည်သူကိုအလုပ်အကျွေးပြုကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများက အားကိုးယုံကြည်စိတ်ချရသည့် မြန်မာ့စီးပွားရေးဘဏ်၏ ဂုဏ်သတင်းကို ပိုမိုမြှင့်တင်ပေးကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။ အဆိုပါနှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ မြန်မာ့စီးပွားရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တာဝန်ခံမန်နေဂျာများ တက်ရောက် ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်