မြန်မာ့စီးပွားရေးဘဏ်နှင့် ပြည်တွင်းအခွန်များဦ:စီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးများ ကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့၊ နံနက် (၁၀:၀၀) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည့် မြန်မာ့စီးပွားရေးဘဏ်၏ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့လည်းကောင်း၊ နေ့လည် (၁၄:၃၀) နာရီတွင် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးသို့လည်းကောင်း တက်ရောက်၍ အမှာစကားပြောကြားပါသည်။ 

 

ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာ့စီးပွားရေးဘဏ်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်း အဝေးတွင် အမှာစကားပြောကြားရာ၌ မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံတော်ပိုင်ဘဏ်တစ်ခု ဖြစ်ပြီး၊ နိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲအများဆုံးဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘဏ်လုပ်ငန်းလည်ပတ်မှုများကို အခက်အခဲများကြားမှ ဆောင် ရွက်ပေးလျက်ရှိရာ လုပ်ငန်းအဆင်ပြေမှုများ ရှိနေသော်လည်း လိုအပ်ချက်များလည်းရှိနေဆဲ ဖြစ်ကြောင်း၊ ငွေထုတ်ယူမှု၊ ငွေသားလိုအပ်ချက်၊ ငွေသယ်ယူမှု၊ ပင်စင်လစာထုတ်ပေးမှုနှင့် ATM စက်များတွင် ငွေထုတ်ယူမှုစသည့်လုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ်နှင့် သက်ဆိုင်ရာဒေသ ဆိုင်ရာအာဏာပိုင်များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘဏ်လုပ်ငန်း စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဝိုင်းဝန်း ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူများအတွက်  အားထားရသောဘဏ်အဖြစ် ရပ်တည်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံတော်၏လုပ်ငန်းတာဝန်များကို သစ္စာရှိစွာဖြင့်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော် ပိုင်ဘဏ်တစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများအနေဖြင့် ဘဏ်လုပ်ငန်းများကို ယုံကြည်စိတ်ချမှုရှိစွာနှင့် သစ္စာရှိစွာဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ လက်ရှိတွင် ဒေသအချို့၌ လုံခြုံရေးအခြေအနေကြောင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးမှုများရှိနေ သော်လည်း သက်ဆိုင်ရာဒေသဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး၊ အဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဘဏ်ငွေသွင်းငွေထုတ် ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စွာဖြင့် ဝန်ဆောင်မှုပေးရန်နှင့် မသမာမှုများမရှိစေရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအား အမြဲမပြတ်ထိတွေ့၍ လိုအပ်သည် များအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် အရေးကြီးကြောင်း၊ ဘဏ်လုံခြုံရေးကိုလည်း အထူး သတိထားဆောင်ရွက်ရန်၊ ဘဏ်နှင့်ဆက်သွယ်သူ ပြည်သူများအတွက် အဆင်အပြေဆုံး နည်းလမ်းများဖြင့် ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး ကူညီဆောင်ရွက်ပေးရန် မှာကြားလို ကြောင်း ပြောကြားပါသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားရာတွင် လက်ရှိအခြေအနေတွင် ဘဏ်လုပ်ငန်းများအား လုံခြုံမှုရှိစွာဖြင့် ဆောင်ရွက်ပေးနိုင်ရေး၊ ငွေသားထုတ်ယူမှု ကန့်သတ်ချက်များ၊ ချေးငွေပြန်လည်ကောက်ခံနိုင်မှု အခြေအနေများတွင် စိန်ခေါ်မှုများရှိနေသဖြင့် ယင်းလုပ်ငန်းများ အား အဆင်ပြေစွာဖြင့် ဆောင်ရွက်ပေးနိုင်ရန် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများကို သတိထားစောင့် ကြည့်လျက် ဘဏ်လုပ်ငန်းစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မပြတ်ကြီး ကြပ်ကွပ်ကဲဆောင်ရွက်ရန် အရေးကြီးကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အစိုးရ၏ငွေ စာရင်းများ၊ ပြည်သူများ၏ အပ်ငွေများ လက်ခံခြင်းနှင့် ချေးငွေများထုတ်ချေးခြင်းတို့ကို အဖက်ဖက်မှ အဆင်ပြေအောင် ဘဏ်ဝန်ဆောင်မှုများဖြည့်ဆည်းဆောင်ရွက်ပေးနေရသဖြင့် ဘဏ်ဝန်ထမ်း များ အနေဖြင့် ဆက်ဆံရေးကောင်းမွန်စွာဖြင့် လုပ်ငန်းများဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားပါသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားရာတွင် မြန်မာ့စီးပွားရေးဘဏ် အနေဖြင့် ပြည်သူများအတွက် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို အမြဲမပြတ်ဖြည့်ဆည်း ဆောင်ရွက် ပေးနေရသဖြင့် အခက်အခဲများအား ဘဏ်လုပ်ငန်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အချင်းချင်း အပြန်အလှန်နားလည်မှုရှိစွာဖြင့်ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း ပြောကြားပါသည်။

 

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန် ကြားရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အထွေထွေမန်နေဂျာများနှင့် Online ဖြင့်တက်ရောက် သည့် မြန်မာ့စီးပွားရေးဘဏ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မန်ဂျာများက တွေ့ကြုံနေရသည့် အခက် အခဲများနှင့် ဖြေရှင်းဆောင်ရွက်ပေးရန်လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး၊  တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားပြီး လိုအပ်ချက်များကို ညှိနှိုင်း ပေါင်းစပ်ဖြေရှင်းပေးခဲ့ပါသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် အခွန်ကောက်ခံမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားရာတွင် ပြည်တွင်းအခွန်များဦးစီး ဌာနသည် နိုင်ငံတော်၏အခွန်ရငွေများ ကောက်ခံရေးတွင် အဓိကတာဝန်ယူ ဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်၏ အစိုးရယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် အခွန် ရငွေများ ပြည့်ဝစွာကောက်ခံရရှိရေးသည် အရေးကြီးသကဲ့သို့ တစ်ဖက်တွင်လည်း စီမံကိန်းများ အတွက် လိုအပ်သည့်အသုံးစရိတ်များ ထိရောက်စွာသုံးစွဲနိုင်ရေးကိုလည်း အလေးထားဆောင်ရွက် နေပါကြောင်း၊ မြန်မာနိုင်ငံ၏ အခွန်ရငွေနှင့် GDP အချိုးသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ အခွန်စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆယ် စုနှစ်အတွင်း IMF အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ နည်းပညာအကူအညီများရယူပြီး ဆောင်ရွက်ခဲ့ရာ ယခင်အခွန်ရုံးမှ စည်းကြပ်သည့်အခွန်စနစ်အစား ယခုအခါ အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့်အခွန်စနစ်သို့ တိုးတက်ရောက်ရှိလာပါကြောင်း၊ တန်ဖိုးဖြည့်အခွန်စနစ် (Value Added Tax - VAT) ဖြင့် အခွန် တိုးမြှင့်ကောက်ခံရရှိနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ COVID-19 ၏ရိုက်ခတ်မှုကြောင့် စီးပွားရေး လုပ်ငန်းများ၏ဝင်ငွေများ လျော့နည်းလာသဖြင့် အခွန်ရငွေများလျော့နည်းမှုကို စိစစ်တွေ့ရှိရပါ ကြောင်း၊ အခွန်အခြေ (tax base) တိုးချဲ့ဖော်ထုတ်ရေးနှင့် အဆင်ပြေလွယ်ကူစွာ အခွန်ပေးဆောင်နိုင်ရေးတို့အတွက် ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ တစ်ဖက်တွင်လည်း အခွန်ရှောင်တိမ်းမှုများ၊ မသမာမှုများကို ဖော်ထုတ်၍ အရေးယူဆောင်ရွက်သွားကြရန် လိုကြောင်း၊ သို့မှသာ နိုင်ငံတော်အတွက် ရသင့် ရထိုက်သည့် အခွန်ငွေများကို ပြည့်ပြည့်ဝဝ ကောက်ခံရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ရည်မှန်း ချက်များကို ပြည့်မီစွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အခွန်ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းဟူသော အသိစိတ်ဓာတ်ကို လေးနက်စွာခံယူပြီး နိုင်ငံတော်နှင့် မိမိ အဖွဲ့အစည်းအပေါ် သစ္စာရှိရန်၊ မိမိ ကိုယ်တိုင်သာမက လက်အောက်ဝန်ထမ်းများကိုပါ ရှင်းလင်း ပြောကြားပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများအတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ ပြည့်ပြည့်ဝဝကောက်ခံရရှိအောင် နည်းလမ်းပေါင်းစုံဖြင့် တီထွင်ကြံဆ ကြိုးပမ်း ဆောင်ရွက် ကောက်ခံကြရန် တိုက်တွန်းလိုကြောင်း ပြောကြားပါသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားရာတွင် လက်ရှိအခြေအနေတွင် အခွန်ကောက်ခံရရှိရေးကို ဖြစ်နိုင်သည့်နည်းလမ်းများဖြင့် တိုးမြှင့်ဆောင်ရွက်ကြရန်လိုကြောင်း၊ အခွန်ကောက်ခံမှုအပိုင်းတွင် အားနည်းချက်များကို စနစ်တကျကွတ်ကဲကြပ်မတ်၍ ဖိဖိစီးစီး ဆောင် ရွက်ကြရန် အရေးကြီးကြောင်း၊ အထက်နှင့်အောက် အမြဲမပြတ်ထိတွေ့ဆက်ဆံမှု အားကောင်းလာ အောင် ဆောင်ရွက်ကြခြင်းဖြင့် အခွန်ရှောင်တိမ်းမှုများနှင့် မသမာမှုများကို ရှာဖွေ ဖော်ထုတ်နိုင်ပြီး ရသင့်ရထိုက်သည့် အခွန်ငွေများ တိုးမြှင့်ရရှိလာမည်ဖြစ်ကြောင်း ထို့ပြင် အခွန် ထမ်းပြည်သူများနှင့် ဆက်ဆံရေးကောင်းမွန်ရန်လိုကြောင်း လက်ရှိအခြေအနေအရ Online မှ ရောင်းဝယ်ခြင်း Account Transfer ဖြင့် ငွေလွှဲပြောင်းပေးချေမှုများ တိုးတက်လာမှုကို အခွင့်ကောင်းယူ၍ အခွန်ကောက်ခံ ရရှိနိုင်မှုနည်းလမ်းများကို တီထွင်ကြံဆဖော်ထုတ်ကြရန် တိုက်တွန်းလိုကြောင်း၊ ထို့ပြင် အခွန်ကင်း လွတ်ခွင့်ပြုရေးတင်ပြခြင်းကိစ္စကို စနစ်တကျစိစစ်၍ သုံးသပ်တင်ပြကြရန်လိုကြောင်း ပြောကြား ပါသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားရာတွင် အမျိုးသားစီမံကိန်း ဥပဒေကို ရေးဆွဲပြဌာန်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်ရငွေရရှိရေးကို အလေးထား ဆောင်ရွက် သွားရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ငွေများအား ပြည့်ပြည့်ဝဝကောက်ခံရရှိနိုင် ခြင်း ဖြင့် စီမံကိန်းလုပ်ငန်းအကောင် အထည်ဖော်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင် မည်ဖြစ်ကြောင်း ပြောကြားပါသည်။

 

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  Online ဖြင့်တက်ရောက်သည့် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများနှင့်  တိုင်းဒေသကြီးနှင့် ပြည်နယ် အခွန်ဦးစီးဌာနမှူးများက တွေ့ကြုံနေရသည့်အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်ပေး ရန်လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး၊ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်း ဆွေးနွေးပြောကြားပြီး လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးခဲ့ကြောင်း သတင်း ရရှိပါသည်။