Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်

အောက်တိုဘာလ ၂၁ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ Virtual စနစ်ဖြင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာရေးနှင့်ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေး၏ နံနက်ပိုင်း Informal Session တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၊ အာဆီယံ+၃ မက်ခရိုစီးပွားရေးသုတေသနရုံး (AMRO) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့မှ တာဝန်ရှိသူများက  ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် အာရှဒေသစီးပွားရေးအခြေအနေများကို ခြုံငုံ သုံးသပ်တင်ပြပါသည်။ ယင်းသို့တင်ပြရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးကို ဆက်လက်ထိခိုက်စေလျက်ရှိကြောင်း၊ ထုတ်လုပ်မှုကွင်းဆက်ယာယီပြတ်တောက်ခြင်းများကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လျက်ရှိကြောင်း၊ ၎င်းအပြင် အစားအစာနှင့် လောင်စာဆီဈေးနှုန်း များမြင့်တက်လာခြင်းကလည်း ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေလျက်ရှိကြောင်း၊ ယင်းအကျိုးဆက်များကြောင့် ပြည်သူ့ကြွေးမြီနှင့် ပုဂ္ဂလိကကြွေးမြီများသည်လည်း သိသိသာသာမြင့်တက်လာလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကို နိုင်ငံအသီးသီးတွင် စတင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ကပ်ရောဂါသည် စီးပွားရေး ပြန်လည်ဦးမော့လာရေး ကြိုးပမ်းမှုများကို တုံ့နှေးစေလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံနိုင်ခြင်းသည် စီးပွားရေး ပြန်လည်ဦးမော့လာမှုအတွက် အဓိကအရေးပါလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအပြင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ်များဖြစ်ပေါ်မှု၊ Cyber attacks နှင့် geopolitics များသည်လည်း စိန်ခေါ်မှုများအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ သို့ဖြစ်ရာ နိုင်ငံအလိုက်  စီးပွားရေးပြန်လည်ဦးမော့လာရေးကြိုးပမ်းမှုများကို သင့်လျော်သောမူဝါဒ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြကြပါသည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပါဝင်ဆွေးနွေးရာတွင် အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ၏စီးပွားရေးသည်လည်း ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရပါကြောင်း၊ ကမ္ဘာ့ဘဏ်၊ IMF, ADB နှင့် AMRO တို့၏ Macroeconomic Outlook Reports များတွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် သိသိသာသာကျဆင်းခဲ့သည်ကို ဖော်ပြထားပါကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို (၃.၈) ရာခိုင်နှုန်းရရှိရန် မျှော်လင့်ထားပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုနှင့် ကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်ချက်များအဖြစ် နိုင်ငံတွင်းကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိကြောင်း၊ ယင်းသို့ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များကြောင့် ယခုနှစ်ကုန်တွင် ကာကွယ်ဆေးထိုးခွင့်ရှိသူအားလုံး၏ ထက်ဝက် (၅၀ ရာခိုင်နှုန်း) ကို ထိုးနှံပေးနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် COVID-19 Economic Relief Plan (CERP) ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ယခုအခါ Myanmar Economic Recovery Plan (MERP) ကို ချမှတ်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ CERP နှင့် MERP တို့တွင် Stimulus Package များအဖြစ် ဝင်ငွေနည်းပြည်သူများအတွက် ထောက်ပံ့မှုများ၊ ပြည်သူ့ကျန်းမာရေးစနစ်တိုးချဲ့ဆောင်ရွက်မှုများ၊ ကာကွယ်ဆေးဝယ်ယူမှုများ၊ Quarantine Centres များသို့ ပံ့ပိုးမှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံးခံခဲ့ရသည့် စီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်းသက်သာသောချေးငွေများထုတ်ချေးမည့်အစီအစဉ်များ စသည်တို့ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံသည် လက်ရှိတွင် အရေးပေါ်ကာလကို ဖြတ်သန်းလျက်ရှိပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး၊ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးကိုလည်း စီးပွားရေးဦးတည်ချက်တစ်ရပ်အဖြစ် ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ IMF မှတင်ပြသည့် မူဝါဒဆိုင်ရာ အကြံပြုချက်များ၊ AMRO မှ တင်ပြသည့် အဓိကဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ ADB မှ တင်ပြသည့် အာရှဒေသလယ်ယာစိုက်ပျိုးရေးစနစ် အသွင်ပြောင်းဆောင်ရွက်သင့်သည့် မူဝါဒများအတွက် ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါအကြံပြုမူဝါဒနှင့် နည်းလမ်းများသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးပြန်လည်ဦးမော့လာရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း  ပါဝင်ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ နေ့လယ်ပိုင်းတွင်ကျင်းပသည့်အစည်းအဝေး Formal Session တွင် အာဆီယံ+၃ နိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဇင်းမယ်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေး (Chiang Mai Initiative Multilateralisation-CMIM) လုပ်ငန်းအစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ၏ တိုးတက်မှုအခြေအနေများ၊ CMIM Furure Direction အနေဖြင့် 2-year Economic Financing Plan (EFP) ဆောင်ရွက်မည့်အခြေအနေများ၊ AMRO ၏ ၂၀၂၂ ခုနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် ဝန်ထမ်းအင်အားတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ AMRO ၏ Medium-Term Implementation Plan (MTIP) (2020-2024) လုပ်ငန်းဆောင်ရွက်မှုအပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ COVID-19 ကပ်ရောဂါအလွန်တွင် ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေးအစီအစဉ်များနှင့်စပ်လျဉ်း၍ AMRO က ပြုစုသည့် ASEAN+3 Regional Economic Outlook 2021 အပေါ် ရှုမြင်သုံးသပ်ချက်များ၊ အာဆီယံ+၃ ငွေချေးစာချုပ်ဈေးကွက်အစီအစဉ်ဆောင်ရွက်မှု၏ တိုးတက်မှုအခြေအနေများ၊ အာဆီယံ+၃ နိုင်ငံများ၏ မူဝါဒရေးရာကိစ္စရပ်များနှင့် အကောင်အထည်ဖော်မှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံမှ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့သည်။
အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးအား အာဆီယံနိုင်ငံများနှင့် အပေါင်းသုံးနိုင်ငံများဖြစ်ကြသည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံများတွင် အိမ်ရှင်အဖြစ် အလှည့်ကျကျင်းပလျက်ရှိရာ ယခုနှစ်အတွက် အိမ်ရှင်အဖြစ် အာဆီယံနိုင်ငံများဖက်မှ ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် အပေါင်းသုံးနိုင်ငံများဖက်မှ ကိုရီးယားသမ္မတနိုင်ငံတို့က Co-Chairs များအဖြစ် ဦးဆောင်ကျင်းပလျက်ရှိပြီး၊ လက်ရှိအခြေအနေတွင် COVID-19 ဖြစ်ပွားမှုအခြေအနေများကြောင့် Virtual Meeting ပုံစံဖြင့် ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ ယခုကျင်းပသည့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များကို အတည်ပြုနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ကျင်းပမည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများအစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက်မည်ဖြစ်ပါသည်။ ယခုအစည်းအဝေးသို့ အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများနှင့် ဗဟိုဘဏ်ဒုတိယဥက္ကဌများ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်