တိုင်းဒေသကြီး / ပြည်နယ်များ၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လအတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းများအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်ခြင်း

တိုင်းဒေသကြီး/ ပြည်နယ်များ၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လ အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်း စိစစ်ညှိနှိုင်းခြင်းဆိုင်ရာ အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ၁၂-၈-၂၀၂၁ ရက်နေ့ (ကြာသပတေးနေ့) တွင် ကျင်းပခဲ့ရာ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝင်းရှိန် တက်ရောက် အမှာစကားပြောကြားပါသည်။ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ  စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးများ၊ သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးဌာနများမှ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးများ ပါဝင်တက်ရောက် ကြပါသည်။ 
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဘတ်ဂျက်လိုငွေများကို နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ မဖြစ်မနေသုံးစွဲရမည့် လုပ်ငန်းအသုံး စရိတ်များ၊ နိုင်ငံ့စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နိုင်ရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်ရှိသည့် ပြည်သူများ၏ လူမှုစီးပွားလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်   ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များ၏ လိုငွေအတွက် လျာထားထောက်ပံ့ပေးလျက်ရှိကြောင်း၊ ယခု ခွဲဝေရရှိသည့် ဘဏ္ဍာရန်ပုံငွေများကို မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အတွင်း ပြည်သူများ တိုက်ရိုက်အကျိုးဖြစ်စေမည့် လမ်း၊ တံတား၊ လျှပ်စစ်၊ ရေ စသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့် ကုန်ထုတ်လုပ်မှုကို ပိုမိုအကျိုးပြုစေနိုင်မည့် အသုံးစရိတ်များကို အလေးထားသုံးစွဲပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့် ကိုက်ညီစွာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ 
လုပ်ငန်းစီမံကိန်း ငွေလုံးငွေရင်းအသုံးစရိတ်များနှင့် ပတ်သက်၍ မပြီးပြတ်သေးသော ဆောင်ရွက်ဆဲလုပ်ငန်းများကို ဦးစားပေး၍ ပြီးပြတ်အောင်ဆောင်ရွက်ပြီး  ပြည်သူများအတွက်  မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လုပ်ငန်းသစ်များကိုသာ ဦးစားပေး အစီအစဉ်အလိုက် လျာထား၍     သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်အောင်  ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လျာထားသည့် အသုံး စရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ သုံးစွဲကြရန်နှင့် စာရင်းစစ်ဆေးခံနိုင်ရေးအတွက် ကိုလည်း အလေးပေး ဂရုပြုဆောင်ရွက်ကြ ရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးမှာကြားပါသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အိမ်စောင့်အစိုးရအဖွဲ့အစည်း အဝေးအမှတ်စဉ်(၁/၂၀၂၁) တွင် နိုင်ငံတော်ဝန်ကြီးချုပ်မိန့်ကြားခဲ့သော ဌာန၊အဖွဲ့အစည်းများအနေဖြင့်  မဖြစ်မနေသုံးစွဲရမည့် လုပ်ငန်းကိစ္စရပ်များမှအပ အခြားကိစ္စရပ်များတွင် တတ်နိုင်သမျှ ချွေတာသုံးစွဲရန် လိုအပ်ကြောင်း မှာကြားချက်နှင့်အညီ ဘဏ္ဍာရန်ပုံငွေသုံးစွဲမှုများကို စနစ်တကျ စိစစ်သုံးစွဲသွားရန် ဖြစ်ကြောင်း ကိုလည်း ဆွေးနွေးမှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်များက ဘဏ္ဍာငွေအရအသုံးလျာထားချက် အခြေအနေ များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။ တိုင်းဒေသကြီး/ ပြည်နယ် ဘဏ္ဍာငွေအရအသုံး စာရင်းများကို စိစစ်ဆောင်ရွက်ပြီးစီးပါက  ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အတည်ပြုနိုင်ရေး ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

(သတင်းစဉ်)