၂၀၁၈-၂၀၁၉ အမျိုးသားစီမံကိန်းဥပဒေ (မူကြမ်း) ရေးဆွဲရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် ရည်ရွယ်ချက်၊ အခြေခံမူနှင့် သတ်မှတ်ကျင့်သုံးရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

, ,

နိုင်ငံ၏လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ (မူကြမ်း) ကို နိုင်ငံတော်က ချမှတ်ထားသည့် ရည်ရွယ်ချက်၊ အခြေခံမူနှင့် သတ်မှတ်ကျင့်သုံးရမည့် လုပ်ငန်းစဉ်များနှင့်အညီ ရေးဆွဲနိုင်ရေး ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တက်ရောက်အဖွင့်အမှာ စကား ပြောကြားသည်။

          ပြည်ထောင်စုဝန်ကြီးက အစိုးရအဆက်ဆက် စီမံကိန်းများရေးဆွဲရာတွင် ဖွံ့ဖြိုးရေးမူဝါဒ၊ ရည်ရွယ်ချက်များထားရှိ ဆောင်ရွက်ခဲ့ကြကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ရေးဆွဲရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ သီးသန့် ရည်မှန်းချက်များ၊ ဝန်ကြီးဌာန များ၏ ကဏ္ဍအလိုက်ရည်မှန်းချက်များ၊ ပကတိ မြေပြင်လိုအပ်ချက်များနှင့် ကိုက်ညီရန် လိုအပ် ကြောင်း၊  နောင်ရေးဆွဲမည့် စီမံကိန်းများအတွက် အခြေခံနှစ်အဖြစ် ဆောင်ရွက်နိုင်ရေး ဦးတည် ဆောင်ရွက် စေလိုကြောင်း၊

          ဒေသဖွံ့ဖြိုးရေး စီမံကိန်းများရေးဆွဲရာတွင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒ (၁၂) ချက်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ (SDGs)တို့နှင့် ကိုက်ညီအောင် ရေးဆွဲဆောင်ရွက် ကြစေလိုကြောင်း၊ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်ချက် (Feasibility Study) နှင့်အတူ စီမံကိန်းများ၏ မျှော်မှန်းအကျိုးရလဒ်ကိုလည်း တွက်ချက် တင်ပြရမည်ဖြစ်ကြောင်း၊ ဖြစ်နိုင်ခြေရှိသည့် စီမံကိန်းများအတွက်သာ ဘဏ္ဍာငွေ တင်ပြတောင်းခံ ကြစေလိုကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် နိုင်ငံတော် ဦးတည် လျှောက်လှမ်းနေသည့် ဖက်ဒရယ်စနစ် အနှစ်သာရများ အကောင်အထည်ဖော်နိုင်ရန် အားလုံးပူးပေါင်း ဆောင်ရွက် ကြရန်ပြောကြားသည်။

ထို့နောက် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သစ်တွင် အမျိုးသားစီမံကိန်းရေးဆွဲရန် အချိန်ဇယား ရေးဆွဲထားရှိမှု၊ စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ (SDGs)၊ ကဏ္ဍ/ဒေသအလိုက် မူဝါဒများ၊ ကာလတို/ကာလရှည် ရည်မှန်းချက်များနှင့် ဆက်စပ်ရေးဆွဲဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘတ်ဂျက်ရေးဆွဲရာတွင် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများအား နှစ်လတ် ဘဏ္ဍာရေးမူဘောင်ဖြင့် တွက်ချက်မှု အရ အသုံးစရိတ်ခွင့်ပြုပေးနိုင်မှု၊ သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်းအသုံးစရိတ်များ သုံးစွဲရာ တွင် စနစ်တကျ သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

          ရှင်းလင်းဆွေးနွေးပွဲသို့ ဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊  ပြည်ထောင်စုလွှတ်တော်ရုံး၊ နေပြည်တော်ကောင်စီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ (မူကြမ်း) ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးခဲ့သည့် လူမှုစီးပွားရေးပုံစံကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ပိုမိုကောင်းမွန် ခိုင်မာအောင် ပြုလုပ်နိုင်ရေး၊ လက်ရှိဖြစ်ပေါ်နေသည့် လူမှုစီးပွားရေး အခက်အခဲများကို ကုစားလျှော့ချနိုင်ရေး၊ နောင်တွင်ဖြစ်ပေါ်နိုင်သည့် လူမှုစီးပွားအခက်အခဲများ၏ အကျိုး သက်ရောက်မှုကို အနည်းဆုံးဖြစ်အောင် ကြိုတင်မျှော်မှန်း၍ ဆောင်ရွက်ရန်  အစီအစဉ်များ ထည့်သွင်းရေးဆွဲနိုင်ရေး၊ ပကတိအခြေအနေနှင့် ညီညွတ်သည့် ဦးစားပေးလုပ်ငန်း၊ ပုဂ္ဂလိကပိုင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးဆောင်ရွက်မည့် စီမံကိန်းနှစ် တစ်နှစ်အဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ရေး ရေးဆွဲအကောင်အထည်ဖော်မည် ဖြစ်သည်။

          ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း၏ ကဏ္ဍအလိုက်နှင့် ဒေသအလိုက် စီမံကိန်း ရည်မှန်းရန် အဆိုပြုချက်များနှင့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု လျာထားချက်များကို နိုင်ငံတော်၏ စီးပွားရေးမူဝါဒ (၁၂) ရပ်နှင့်အညီ မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ ချမှတ်ထားရှိခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးမှုပန်းတိုင်များကို ချိတ်ဆက်အကောင် အထည်ဖော်နိုင်ခြင်း၊ အများပြည်သူအကျိုးဖြစ်ထွန်းမှုအပေါ် အခြေခံခြင်း၊ စီးပွားရေးအရ ထိရောက်စွာ အကျိုးဖြစ်ထွန်းနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်းနိုင်ခြင်း၊ ပို့ကုန်တိုးတက်နိုင်ခြင်းနှင့် သွင်းကုန်အစားထိုးနိုင်ခြင်း၊ စီမံကိန်း ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ အစီအစဉ်ကျနခြင်းနှင့် ရှေ့၊ နောက် ညီညွတ်မှုရှိခြင်း၊ စီမံကိန်းရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန်အတွက် လူသားအရင်းအမြစ်၊ နည်းပညာနှင့် ဘဏ္ဍာရေးအရင်းအမြစ်တို့ကို ကျင့်သုံးဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ ဆီလျော် ညီညွတ်ပြည့်စုံခြင်း တို့အပေါ်အခြေခံ၍ ကဏ္ဍအလိုက်၊ ဒေသအလိုက်၊ ဦးစားပေးအစီအစဉ်နှင့် အကြောင်းအရာများ ဖော်ထုတ်သတ်မှတ်၍ စည်းစနစ်ကျနစွာ ပေါင်းစပ်ညှိနှိုင်းစိစစ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

နေပြည်တော် မတ် ၁၉