၂၀၂၁ ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

       တောင်သူလယ်သမားဦးကြီးများအတွက် နိုင်ငံတော်မှ အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေး သည့် ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများတွင် ယနေ့မှစ၍ ထုတ်ချေးနေပြီ ဖြစ်သည်။ ချေးငွေပမာဏမှာ ၁ ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းနှင့် အတိုးနှုန်း တစ်နှစ်လျှင် ၅% ဖြစ်သည်။

       မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူသည် ရန်ကုန်တိုင်း ဒေသကြီးမန်နေဂျာနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး  သန်လျင်ခရိုင်ဘဏ်ခွဲနှင့် ကျောက်တန်း မြို့နယ်ဘဏ်ခွဲများ၏ မိုးချေးငွေထုတ်ချေးပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေး ပြီး ချေးငွေလာရောက်ထုတ်ယူသူ တောင်သူဦးကြီးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ COVID-19 စည်းကမ်းချက်များနှင့်အညီ ချေးငွေထုတ်ချေးပေးနေမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

       ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ် ၂၀၂၀ မိုးချေးငွေပြေကျေစွာ ပေးဆပ်ပြီးသူ  တောင်သူဦးကြီးများသို့ ဦးစွာထုတ်ချေးလျက်ရှိပြီး ချေးငွေထုတ်ချေးနေစဉ် ကာလအတွင်း လာရောက်ပေးဆပ်သူ တောင်သူဦးကြီးများကိုလည်း ချေးငွေပေးဆပ်မှုကိုလက်ခံ၍ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်သည်။

      ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်ထိ ဆက်လက်ထုတ်ချေးသွားမည်ဖြစ်သဖြင့် ချေးငွေရယူလိုသူ တောင်သူလယ်သမားဦးကြီးများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ဆက်သွယ်ဆောင်ရွက်ကြပါရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

 

, ,