၂၀၂၁-မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးမည့်အသိပေးကြေညာချက်

၁။        စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများသို့ စိုက်ပျိုးစရိတ် ချေးငွေများကို ဘဏ်စတင် တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပါသည်။ တောင်သူလယ်သမားကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီပြေကျေစွာ ပေးဆပ်ပြီးနောက် ချေးငွေသစ် ထပ်မံရယူခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဘဏ်နှင့် တောင်သူဦးကြီး များအကြား နှစ်ကာလရှည်ကြာစွာ အတူလက်တွဲဆောင်ရွက်ခဲ့ကြပါသည်။

၂။        COVID-19 ကပ်ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ၂၀၂၀-မိုးရာသီ ချေးငွေပေးဆပ်ရန် ငွေကြေးအခက်အခဲများရှိနေသည့် တောင်သူများ အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ ၂၀၂၀- မိုးချေးငွေ နောက်ဆုံးပေးဆပ်ရန် ကာလသတ်မှတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့အစား ၂၀၂၁ ခုနှစ် ၊ ဇူလိုင်လ (၃၁) ရက်နေ့ထိ တိုးမြှင့်ပြင်ဆင် ဖြေလျှော့ပေးထားပြီးဖြစ်ပါသည်။

၃။        ယခုအခါ ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၆-၅-၂၀၂၁ ရက်နေ့မှစ၍ ၃၀-၉-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများတွင် ထုတ်ချေးပေးမည် ဖြစ်ပါသဖြင့် ချစ်ခင်လေးစားအပ်ပါသော တောင်သူလယ်သမားဦးကြီးများအနေဖြင့် ချေးငွေဟောင်း ပြေကျေအောင် ပေးဆပ်ပြီး ၂၀၂၁-မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ယူနိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/ မြို့နယ် ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန် ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်