နိုင်ငံတော်၏ မေခရိုစီးပွားရေးအခြေအနေများကို စောင့်ကြည့်လေ့လာသုံးသပ်၍ ဆောင်ရွက်သင့်သည့်အစီအမံများကို ပုံမှန်အကြံပြုတင်ပြနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

“နိုင်ငံတော်၏ မေခရိုစီးပွားရေးအခြေအနေများကို  စောင့်ကြည့်လေ့လာ သုံးသပ်၍ ဆောင်ရွက် သင့်သည့်အစီအမံများကို ပုံမှန်အကြံပြုတင်ပြနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ”
၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်
နိုင်ငံတော်၏ မေခရိုစီးပွားရေး အခြေအနေဖြစ်ပေါ်မှု ကိန်းဂဏန်း၊ အချက်အလက်များကို စောင့်ကြည့်လေ့လာသုံးသပ်၍ ကာလတိုနှင့် ကာလလတ်အတွက် ဆောင်ရွက်မည့်အစီအမံများ အကြံပြုတင်ပြနိုင်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းဝေးတစ်ရပ်ကို နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)တွင် မေလ ၁၄ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရှိ ဌာနအကြီးအကဲများ တက်ရောက်ကြပါသည်။ 
အစည်းအဝေးတွင် အဖွင့်အမှာစကားပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီးက ယခုအခါ နိုင်ငံတော်တွင် COVID-19 ကပ်ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်ကုစားမှုများအရ လည်း ကောင်း၊ နိုင်ငံရေးဖြစ်စဉ်များအရလည်းကောင်း၊ နိုင်ငံတော်၏ မေခရိုစီးပွားရေးအခြေအနေများ အပေါ် တိုက်ရိုက်သက်ရောက်မှုများ ရှိနေပါကြောင်း၊ မေခရိုစီးပွားရေးညွှန်ကိန်းများတွင် အဓိက ကျသည့် GDP၊ နိုင်ငံခြားငွေလဲလှယ်နှုန်း၊ ပို့ကုန်သွင်းကုန်အခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးဖောင်းပွမှုနှုန်း၊ စားသုံးသူ ဈေးဆနှုန်းကိန်း၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု၊ ရငွေသုံးငွေ နှင့် ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းမှု၊ အခွန်ကောက်ခံရရှိမှု၊ ပြည်တွင်းပြည်ပချေးငွေ၊ ပုဂ္ဂလိက ကဏ္ဍသို့ ချေးငွေထုတ်ချေးမှုနှင့် ပြန်လည်ပေးဆပ်မှုစသည့် ကိန်းဂဏန်းအချက်အလက်များကို အပတ်စဉ်၊ လစဉ် (၃)လပတ်၊ (၆)လပတ်အလိုက် နှိုင်းယှဉ်၍ အကြံပြုသုံးသပ်ချက်၊ ဆောင်ရွက် သင့်သည့်အစီအမံတို့ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် သုံးသပ်တင်ပြရန်လိုအပ်ကြောင်း၊ ဌာန အသီးသီးက စုစည်းပေါင်းစပ်ဆောင်ရွက်ကြစေလိုကြောင်း မှာကြားပါသည်။ 
ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများက နိုင်ငံတော်၏ မေခရို စီးပွားရေးညွှန်ကိန်းများ စုစည်းရရှိမှု သုံးသပ်တင်ပြမည့်အစီအစဉ်၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း နှင့် လုပ်ငန်းတာဝန်များ၊ အခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် အစီအမံများနှင့် Myanmar Sustainable Development Plan (MSDP) ပါ အချက်များ၊ COVID-19 Economic Relief Plan (CERP)၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် (၃) ရပ်တို့ကို အခြေခံ၍ သုံးသပ်ရန်ကိစ္စရပ်များတို့ကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြပါသည်။ 
ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်သုံးသပ် ပြောကြားရာတွင် နိုင်ငံတော်စီးပွားရေးတည်ငြိမ်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ရေတိုရေရှည်ဆောင်ရွက်သင့်သည့် အစီအမံများကို  အကြံပြုရာတွင် သီအိုရီအရ အကြံပြုသကဲ့သို့ လက်တွေ့လုပ်နိုင်မည့် အခြေ 
အနေအရလည်း အကြံပြုရန်ဖြစ်ကြောင်း၊ မိမိတို့တင်ပြမည့် သုံးသပ်အကြံပြုချက်များမှာ လက်တွေ့ဖြစ်ပေါ်နေမှုများကို အထောက်အထား၊ ကိန်းဂဏန်းအချက်အလက်များဖြင့် ခိုင်ခိုင် မာမာ ထောက်ပြပြီး သုံးသပ်အကြံပြုခြင်း ဖြစ်စေလိုကြောင်း၊ ယနေ့ နိုင်ငံတော်တွင် ရင်ဆိုင် တွေ့ကြုံနေရသည့်အခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက် အားလုံးတက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ဌာနတစ်ခုနှင့်တစ်ခု ပူးပေါင်းဆောင်ရွက်ရန် နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်