ပြည်ထောင်စုဝန်ကြီး ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးစခန်း ဆောင်ရွက်မည့် မြေနေရာနှင့် နယ်စပ်ဂိတ် အဆင့်မြှင့်တင် ဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် အဖွဲ့သည် ယနေ့နံနက် (၇)နာရီတွင် မြစ်ကြီးနားမြို့မှ ကန်ပိုက်တီမြို့သို့ သွားရောက်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေး ဆောင်ရွက်မည့် မြေနေရာနှင့် နယ်စပ်ဂိတ် အဆင့်မြှင့်တင် ဆောင်ရွက်မည့် အခြေအနေတို့ကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်- ကန်ပိုက်တီ- ချီဗွေလမ်းခွဲ နေရာတွင် နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးစခန်း တည်ဆောက်ရန် လျာထားသည့် မြေ နေရာ၌ တာဝန်ရှိသူများက မြေယာရရှိမှု အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်း ဆောင်ရွက်မည့် မြေနေရာအတွင်း ဒေသခံတောင်သူများ နစ်နာဆုံးရှုံးမှု မရှိစေရေး စီမံဆောင်ရွက်ပေးသွားရန်နှင့် စီမံကိန်းဆောင်ရွက်မည့် နေရာဒေသရှိ ကျေးရွာများမှ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုတင်စဉ်းစား ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ကန်ပိုက်တီမြို့ နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ယူ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော ကန်ပိုက်တီ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှ နယ်စပ် အဝင်လမ်း တိုးချဲ့ခြင်း၊ နားနေဆောင် တည်ဆောက်ရေး စီမံကိန်းများနှင့် မြို့ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်မှု အခြေအနေနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဖြည့်စွက် ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းများနှင့် ပတ်သက်၍ မြေယာကို အကျိုးရှိစွာအသုံးချဖို့ရန် လိုအပ်ပါကြောင်း၊ မိမိတို့ ရိုးရာဟန်ဖြင့် အကောင်းဆုံး နယ်စပ်ဂိတ် ဖြစ်စေရေး၊ ဒေသခံ တိုင်းရင်းသားတို့၏ အကျိုးစီးပွားကို မျှော်မှန်း၍ ရေရှည်အတွက် စီမံဆောင်ရွက်သွားကြရန်၊ One Stop Service (OSS) လုပ်ငန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များ ဦးစီး ဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနများ အနေဖြင့် မှန်ကန် မြန်ဆန်စွာ ဆောင်ရွက်ပေးရန်နှင့် ဌာနအချင်းချင်း ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားသည်။ ဆက်လက်၍ နယ်စပ်အဝင်လမ်း တိုးချဲ့ခြင်းနှင့် နားနေဆောင် တည်ဆောက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြန်မာ- တရုတ် ချစ်ကြည်ရေး လိုဏ်ဂူ တို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဝိုင်းမော်မြို့နယ်၊ ဝေါ့ချုံးကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)ကို ကြည့်ရှုစစ်ဆေးပြီး ဒိန်ဂျန်ယန် ကျေးရွာရှိ တစ်သျှူးငှက်ပျော စိုက်ခင်းလုပ်ငန်း ဆောင်ရွက် နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။