ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများ၊ သွင်းကုန်အစားထိုးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက

,

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးကျော်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (MRCCI)၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ မွေးမြူရေး လုပ်ငန်းရှင်များ၊ စက်မှုလက်မှုစီမံခန့်ခွဲရေးကော်မတီ၊ သစ်သီးဝလံနှင့်ပန်းမံစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ၊ ကုန်စည်ပို့ဆောင်ရေး၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ၊ လူသုံးကုန် နှင့် ဆေးဝါးအလှကုန် ထုတ်လုပ်ရောင်းချသူများနှင့် မြန်မာနိုင်ငံစွန့်ဦးတီထွင်လူငယ်များ ပါဝင်သောအသင်းများနှင့် တွေ့ဆုံပါသည်။

          တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြတ်သူ၊ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦးနှင့် တိုင်းအဆင့် ဦးစီးဌာနများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

          ပြည်ထောင်စုကြီးဦးကျော်ဝင်းမှ သယံဇာတအရင်းမြစ်များ ထုတ်လုပ်အသုံးချခြင်းနှင့် ပတ်သက်၍ ရေတိုကိုမကြည့်ကြပဲ ရေရှည်အကျိုးစီးပွားဖြစ်ထွန်း​ရေး၊ ကုန်ထုတ်လုပ်မှု နည်းပညာ များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအားရှိသ၍ တိုးမြှင့်ဆောင်ရွက်ကြရေး၊ မွေးမြူရေးလုပ်ငန်း များနှင့် စိုက်ပျိုးထုတ်ကုန်ပိုမိုတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သွင်းကုန်အစား ထိုးနှင့် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်ပေးမည့် အစီ အစဉ်များ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တော်မှ စီမံဆောင်ရွက်ပံပိုးပေးမည့်အစီအစဉ်များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသောဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏တင်ပြချက်များကိုဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။ နေ့လယ်ပိုင်း တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျှက်ရှိသော မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မန္တလေးမြို့သာစက်မှုဥယျာဉ် မြို့တော်စီမံကိန်းလုပ်ငန်းအား လှည့်လည်ကြည့်ရှုခဲ့ပြီး တင်ပြချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

            အဆိုပါ မြို့သာစက်မှု့မြို့တော်စီမံကိန်းလုပ်ငန်းတွင် ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (၆) ခုဖြင့် မြေဧက (၁၁၄၀၄) ပေါ်တွင်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအဆင့်မှီ ဂေါက်ကွင်းတစ်ကွင်း၊ စက်ရုံများ၊ သိုလှောင်ရုံများ၊ ဘဏ်များ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေးနှင့်လူနေအိမ်ယာအ​ဆောက်အဦများ ပါဝင် ဆောင်ရွက်နေကြောင်းနှင့် ထပ်မံ၍ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများကို ဖိတ်ခေါ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။(သတင်းစဉ်)

၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်