MEB Logo

မြန်မာ့စီးပွားရေးဘဏ်၏ ဝန်ဆောင်မှုများ

ငွေစုဘဏ်လုပ်ငန်း

မြန်မာ့စီးပွားရေးဘဏ်သည် ပြည်သူများ၏ ချွေတာစုဆောင်းခြင်းအလေ့အထကို ပြုစုပျိုးထောင်ရန်၊ လုံခြုံစိတ်ချရသော ငွေစုနည်းဖြင့် စုဆောင်းကြစေရန်၊ ငွေအရင်းအနှီး စုဆောင်းခြင်းအလေ့အထ တိုးတက်စေရန်၊ ပြည်သူများ၏ စားဝတ်နေရေးအဆင့်အတန်း တိုးတက်မြင့်မားစေရန် ရည်ရွယ်ခြင်းကြောင့် တစ်ဦးချင်းစာရင်း၊ သက်ငယ်စာရင်း၊ တွဲဘက် 'က' (သို့မဟုတ်) တွဲဘက်'ခ' စာရင်း၊ အာမခံငွေစာရင်း၊ ပြည်သူ့ငွေစာရင်းဟူ၍ ငွေစုဘဏ်အပ်နှံသည့်အမျိုးအစားများ ခွဲခြားသတ်မှတ်ကာ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။ ငွေစုဆောင်းသူများသည် "မည်သူမျှ နိုင်ငံတော်ပိုင် ငွေကြေးဖြင့်ဖြစ်စေ၊ နိုင်ငံတော်ကငွေကြေးထည့်ဝင်ထားသော အဖွဲ့အစည်းပိုင်ငွေဖြင့်ဖြစ်စေ၊ ငွေစုဘဏ်စာရင်းဖွင့်လှစ်ခွင့် (သို့မဟုတ်) ငွေစုလက်မှတ်ဝယ်ယူခွင့်မရှိစေရ" ဟု ပြဌာန်းချက်နှင့်အညီ စုဆောင်းရန်လိုအပ်ပါသည်။ ငွေစုစာအုပ်အပြင် ကျပ်-၁၀,၀၀၀/- ၊ ကျပ်-၅၀,၀၀၀/- ၊ ကျပ်-၁၀၀,၀၀၀/- ၊ ကျပ်-၅၀၀,၀၀၀/- ၊ ကျပ်-၁,၀၀၀,၀၀၀/- အမျိုးအစားအလိုက် ငွေစုလက်မှတ်များ ဝယ်ယူစုဆောင်း ခြင်း၊ (၁) လ၊ (၃) လ၊ (၆) လ၊ (၉) လ၊ (၁) နှစ် ကာလရှိသည့် စာရင်းသေအပ်နှံငွေများ အပ်နှံခြင်းပြုလုပ်နိုင်ပါသည်။ ၁-၆-၂၀၂၃ ရက်နေ့မှစ၍ ငွေစုဘဏ်လုပ်ငန်းအပ်ငွေအတွက် ၆%၊ ငွေစုလက်မှတ်စုဆောင်းငွေအတွက် ၇%၊ (၁) လ စာရင်းသေအပ်ငွေအတွက် ၆%၊ (၃) လ စာရင်းသေအပ်ငွေအတွက် ၆.၂၅%၊ (၆) လ စာရင်းသေအပ်ငွေအတွက် ၆.၅%၊ (၉) လ စာရင်းသေအပ်ငွေအတွက် ၆.၇၅%နှင့် (၁) နှစ် စာရင်းသေအပ်ငွေအတွက် ၇% ဖြင့် အသီးသီးအတိုးပေးလျက်ရှိပါသည်။  ထို့အပြင် ငွေစုသူများအနေဖြင့် သက်တမ်းစေ့ရောက်သည့်နေ့တွင် ဘဏ်သို့လာရောက်၍ ငွေသားထုတ်ယူလိုပါက ချက်ချင်းထုတ်ပေးမည်ဖြစ်ပါသည်။ စာရင်းသေအပ်ငွေ အပ်နှံသူ၏ Standing Instruction အရ ပြန်အမ်းငွေအား ထပ်မံစုဆောင်းလိုကြောင်း ဖော်ပြထားပါက အရင်းငွေနှင့် ကျသင့်သည့်အတိုးငွေ၏ ကျပ်သိန်းဂဏန်းအထိ ပမာဏအား ထပ်မံစုဆောင်းငွေအဖြစ် သက်တမ်းတိုးမြှင့် ဆောင်ရွက်ခြင်း(Roll over) ပြုလုပ်ပေးပါသည်။

ချေးငွေလုပ်ငန်း

မြန်မာ့စီးပွားရေးဘဏ်သည် ချေးငွေများကို ထုတ်ချေးရာတွင် ဦးစားပေးကဏ္ဍများအဖြစ် နိုင်ငံတော်အစိုးရမှ အခါအားလျော်စွာ လမ်းညွှန်ချမှတ်သော လုပ်ငန်းကဏ္ဍများ၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍ (Production)၊ ဝန်ဆောင်မှုကဏ္ဍ (Servicing)၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ (Transportation)၊ ကုန်သွယ်မှုကဏ္ဍ(Trading)၊ တည်ဆောက်မှုကဏ္ဍ (Construction) များကို ကာလအလိုက် ချေးငွေအမျိုးအစား၊ သက်တမ်းနှင့်အတိုးနှုန်းများကို တစ်ဖက်ပါအတိုင်းသတ်မှတ်ထားကာ ထုတ်ချေးလျက်ရှိပါသည်-

            (၁)     နှစ်ချင်းဆပ်စာရင်းပိုထုတ်ချေးငွေ(၁ နှစ်)  - ၁၀.၀၀    %

            (၂)     နှစ်ချင်းဆပ်ချေးငွေ (၁ နှစ်) -  ၁၀.၀၀    %

            (၃)     နှစ်လတ်ချေးငွေ ( ၃ နှစ်မှ ၅ နှစ်အထိ) - ၁၂.၅၀    %

            (၄)     နှစ်ရှည်ချေးငွေ ( ၆ နှစ်နှင့်အထက်) - ၁၂.၂၅    %

            (၅)     နိုင်ငံတော်ထုခွဲချေးငွေ - ၁၂.၀၀    %

            (၆)     SMIDB သို့ ထုတ်ချေးငွေ - ၈.၂၅    %

            (၇)     အထူးစီမံကိန်း ထုတ်ချေးငွေ - ၈.၂၅    %

            (၈)     မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ထုတ်ချေးငွေ -  ၅.၀၀    %

            (၉)     နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းသို့ထုတ်ချေးငွေ - ၄.၀၀    %

            (၁၀)   နိုင်ငံတော်ဧည့်ဂေဟာတည်ဆောက်ရေးစီမံကိန်း - ၄.၀၀    %

ထို့အပြင် ၂၀၁၅- ခုနှစ် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအပိုဒ် ၂(က) နှင့် အပိုဒ်၂ (ခ) ပါသတ်မှတ်ချက်များနှင့်ညီညွတ်ပြီး SME လိုင်စင်ရရှိထားသည့် မည်သည့်အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များမဆို ချေးငွေရယူနိုင်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ SMEs Agency များ၏ ထောက်ခံချက်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုအစိုးရအဖွဲ့များ၏ လုပ်ငန်းဆိုင်ရာ စိစစ်ထောက်ခံချက်ရရှိထားသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား ဦးစားပေးထုတ်ချေးပါမည်။

အသေးစားစီးပွားရေးလုပ်ငန်းသတ်မှတ်ချက်

အသေးစားစီးပွားရေးလုပ်ငန်း လုပ်သားအင်အား မတည်ရင်းနှီးငွေ(မြေတန်ဘိုးမပါ)
ထုတ်လုပ်မှုလုပ်ငန်း ၅၀ ထက်မပို သန်း ၅၀၀ ထက်မပို
လုပ်အားအခြေပြုထုတ်လုပ်မှုလုပ်ငန်း ၃၀၀ ထက်မပို သန်း ၅၀၀ ထက်မပို
လက်ကားရောင်းဝယ်ရေးလုပ်ငန်း ၃၀ ထက်မပို သန်း ၁၀၀ ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)
လက်လီရောင်းဝယ်ရေးလုပ်ငန်း ၃၀ ထက်မပို သန်း ၅၀ ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)
ဝန်ဆောင်မှုလုပ်ငန်း ၃၀ ထက်မပို သန်း ၁၀၀ ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)
အခြားလုပ်ငန်း ၃၀ ထက်မပို သန်း ၅၀ ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)

အလတ်စားစီးပွားရေးလုပ်ငန်းသတ်မှတ်ချက်

အလတ်စားစီးပွားရေးလုပ်ငန်း လုပ်သားအင်အား မတည်ရင်းနှီးငွေ(မြေတန်ဘိုးမပါ)
ထုတ်လုပ်မှုလုပ်ငန်း ၃၀၀ ထက်မပို သန်း ၅၀၀ အထက်မှ သန်း ၁၀၀၀ ထက်မပို
လုပ်အားအခြေပြုထုတ်လုပ်မှုလုပ်ငန်း ၆၀၀ ထက်မပို သန်း ၅၀၀ အထက်မှ သန်း ၁၀၀၀ ထက်မပို
လက်ကားရောင်းဝယ်ရေးလုပ်ငန်း ၆၀ ထက်မပို သန်း ၁၀၀ အထက်မှ သန်း ၃၀၀ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)
လက်လီရောင်းဝယ်ရေးလုပ်ငန်း ၆၀ ထက်မပို သန်း ၅၀ အထက်မှ သန်း ၁၀၀ ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)
ဝန်ဆောင်မှုလုပ်ငန်း ၁၀၀ ထက်မပို သန်း ၁၀၀ အထက်မှ သန်း ၂၀၀ ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)
အခြားလုပ်ငန်း ၆၀ ထက်မပို သန်း ၅၀ အထက်မှ သန်း ၁၀၀ ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)

ဖော်ပြပါသတ်မှတ်ချက်များအနက် မြန်မာ့စီးပွားရေးဘဏ်က အောက်ဖော်ပြပါအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကဏ္ဍများအဖြစ် သတ်မှတ်ထုတ်ချေးသွားပါမည်-

(က)ထုတ်လုပ်မှုကဏ္ဍ(Production)

(ခ) ထုတ်လုပ်ရောင်းဝယ်မှုကဏ္ဍ(Manufacturing)

(ဂ)တည်ဆောက်မှုကဏ္ဍ(Construction)

(ဃ)စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ(Agri-Production)

(င) မွေးမြူထုတ်လုပ်မှုကဏ္ဍ(Livestock-Production)

(စ) သယ်ယူပို့ဆောင်ရေးကဏ္ဍ(Transportation)

(ဆ)ဝန်ဆောင်မှုကဏ္ဍ(Services)

(ဇ) နည်းပညာအခြေခံထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ(Technical)

(ဈ) Recycling နှင့် Energy Saving ကဏ္ဍ(Environmental)

နိုင်ငံခြားငွေလုပ်ငန်း

မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ကူးသန်းရောင်းဝယ်ရေးနှင့် ဖွံ့ဖြိုးရေးဘဏ်ကြီး ဖြစ်ပါသည်။ နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကူးသန်းရောင်းဝယ်ရေး၊ ဘဏ်လုပ်ငန်း၊ အစိုးရငွေတိုက်ဘဏ်လုပ်ငန်း၊ ငွေစုဘဏ်လုပ်ငန်းများနှင့် အခြားငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတစ်ဝန်း ဘဏ်ခွဲပေါင်း(၃၃၅)ဘဏ်ဖြင့် ပြည်တွင်း၊ ပြည်ပဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံခြားငွေဖြင့် ဘဏ်လုပ်ငန်းများကို ၁၉၉၆ ခုနှစ်မှစ၍ မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားငွေလုပ်ငန်းဌာနကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကာ ယခုအခါ ‘နိုင်ငံခြားငွေလုပ်ငန်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး တို့တွင် AD လိုင်စင်ရ ခရိုင်ဘဏ်ခွဲများ၌ နိုင်ငံခြားငွေဖြင့် အောက်ဖော်ပြပါ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်-

(က)      အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ၊ ဂျပန်ယန်း၊ ထိုင်းဘတ်တို့ဖြင့် စာရင်းရှင်စာရင်းဖွင့်လှစ်ပေးခြင်း၊

( ခ)       မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲအချင်းချင်းနှင့် ပြည်တွင်း/ပြည်ပဘဏ်များအကြား နိုင်ငံခြားငွေစာရင်းတစ်ခုမှတစ်ခုသို့လွှဲပြောင်းပေးခြင်း၊

(ဂ)        ပို့ကုန်/သွင်းကုန်ငွေလွှဲစာတမ်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊

(ဃ)      နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေကြေးလွှဲပြောင်းမှုများကို လက်ခံဆောင်ရွက်ပေးခြင်း၊

(င)        ပြည်ပသွားရောက် မြန်မာကိုယ်စားလှယ်များအတွက် ဆောင်ငွေနှင့်အသုံးစရိတ်များထုတ်ပေးခြင်း၊

(စ)        IME ငွေလွှဲလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ (မြန်မာ့စီးပွားရေးဘဏ်ခွဲအားလုံးတွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။)

နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်း

ပုဂ္ဂလိကလုပ်ငန်းရှင်များ

နိုင်ငံခြားငွေတရားဝင်ကိုင်ဆောင်ခွင့်ရရှိထားသည့် ကုမ္ပဏီများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ၊ ကျောက်မျက်အရောင်းဆိုင်နှင့် လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့် အခြားသောလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားငွေဖြင့် ငွေပေးချေမှုများအား ဘဏ်စနစ်ဖြင့် ငွေပေးချေနိုင်ရန်အတွက် အောက်ပါအထောက်အထားများတင်ပြ၍ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ၊ ဂျပန်ယန်းတို့ဖြင့် နိုင်ငံခြားငွေစာရင်းရှင်စာရင်းများဖွင့်လှစ်နိုင်ပါသည်။

 -      စာရင်းဖွင့်လျှောက်လွှာ

-      ကုမ္ပဏီ၊ လုပ်ငန်းနှင့်သက်ဆိုင်သော သက်တမ်းရှိ အထောက်အထားစာရွက်စာတမ်းများ၊

-      ဝန်ဆောင်မှုလုပ်ငန်းနှင့်သက်ဆိုင်သော ကန်ထရိုက်စာချုပ် (Services Contract)

-      စာရင်းတွင်ငွေသွင်း၊ ငွေထုတ်လက်မှတ်ရေးထိုးမည့်သူ၏ မှတ်ပုံတင်မူရင်း၊ ဓါတ်ပုံ(၂)ပုံ၊

-      USD-10000 ထက်ပိုသောငွေဖြစ်ပါက နိုင်ငံခြားငွေရရှိသည့် အထောက်အထား၊

-      ကနဦးအပ်နှံငွေ အနည်းဆုံး USD-100(သို့မဟုတ်) Euro-100၊

နိုင်ငံခြားသံရုံးအဖွဲ့အစည်းမှ ဝန်ထမ်းများ

-      နိုင်ငံခြားငွေရရှိခြင်းဖြစ်ပါက လစာရရှိသည့် အလုပ်ခန့်အပ်မှုအထောက်အထား၊ မှတ်ပုံတင် မူရင်း/ မိတ္တူ၊ ဓါတ်ပုံ(၂)ပုံ၊

-      နိုင်ငံခြားသားဖြစ်ပါက Passport ဗီဇာမိတ္တူများ၊

-      USD-10000 ထက်ပိုသောငွေဖြစ်ပါက နိုင်ငံခြားငွေရရှိသည့် အထောက်အထား၊

-      ကနဦးအပ်နှံငွေ USD-100(သို့မဟုတ်) Euro-100၊

အစိုးရဌာနဆိုင်ရာများ

-      စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ရန်ခွင့်ပြုမိန့်၊

-      နိုင်ငံခြားငွေဖြင့် စာရင်းရှင်စာရင်းဖွင့်လှစ်ရန်နှင့် စာရင်းရှင်စာရင်းတွင် ငွေသွင်း/ငွေထုတ် ခွင့်ပေးသည့် အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း၊

-     ချေးငွေအထောက်အပံ့လက်ခံဆောင်ရွက်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အထက်ပါအထောက်အထားများဖော်ပြပြီး လက်ခံမည့် နိုင်ငံခြားငွေကြေးစာရင်း (Designated Account) ဖွင့်လှစ်နိုင်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်၏ နိုင်ငံခြားအဆက်အသွယ်ဘဏ်များ

မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် နိုင်ငံခြားအဆက်အသွယ်ဘဏ် (၆၉)ဘဏ်နှင့် အဆက်အသွယ်ဘဏ်ထူထောင်ထားပြီး အောက်ဖော်ပြပါ နိုင်ငံခြားဘဏ်များတွင် မြန်မာ့စီးပွားရေးဘဏ်၏ နိုင်ငံခြားငွေစာရင်းများဖွင့်လှစ်ထားရှိ၍ နိုင်ငံခြားငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်-

(1)      Development Bank Ltd, Singapore

(2)      United Overseas Bank, Singapore

(3)      Sumitomo Mitsui Bank Cor; Singapore

(4)      Overseas Chinese Banking Cor; Singapore

(5)      Thanachart Bank Ltd, Bangkok

(6)      Krung Thai Bank, Bangkok

(7)      Siam Commercial Bank PCL, Bangkok

(8)      Bangkok Bank, Bangkok

(9)      Overseas Chinese Banking Cor; Shanghai

(10)    Mizuho Bank Ltd,Tokyo

(11)    Sumitomo Mitsui Banking Co,Ltd (Tokyo)

(12)    Bank of Tokyo Mitsubishi , UFJ Co.Ltd Japan

(13)    May Bank, Malaysia

(14)    Sonali Bank Ltd, Dhaka

(15)    Arab Bangladesh Bank Ltd, Dhaka

(16)    United Bank of India, Mumbai

(17)     Bank of China (Hong Kong), Yangon Branch

(18)     Industrial & Commercial Bank of China, Yangon Branch

(19)     China Construction Bank, China

(20)     Panjab National Bank, Kolkata-Calutta

(21)     Bangkok Bank, Yangon Branch

နိုင်ငံခြားငွေစာရင်းပြောင်းရွှေ့ခြင်း

မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ နိုင်ငံခြားငွေစာရင်းရှင်စာရင်းတစ်ခုမှတစ်ခုသို့ စာရင်းပြောင်းခြင်းနှင့် မြန်မာ့စီးပွားရေးဘဏ်ခွဲများရှိ မြန်မာကျပ်ငွေ စာရင်းရှင်စာရင်း၊ ဌာနဆိုင်ရာစာရင်းများသို့ နိုင်ငံခြားငွေနှင့်ညီမျှသော မြန်မာကျပ်စာရင်းပြောင်းခြင်းများကို ဆောင်ရွက်နိုင်ပါသည်။ MFTB,MICB ရှိ နိုင်ငံခြားငွေစာရင်းများမှ မြန်မာ့စီးပွားရေးဘဏ်ရှိ နိုင်ငံခြားငွေစာရင်းရှင်စာရင်းများနှင့် မြန်မာကျပ်ငွေစာရင်းများသို့ စာရင်းပြောင်း လွှဲပို့နိုင်ပါသည်။ မြန်မာ့စီးပွားရေးဘဏ်သည် အစိုးရဌာနဆိုင်ရာကျပ်ငွေစာရင်းများကို ထိန်းသိမ်းသည့် တစ်ခုတည်းသောဘဏ်ဖြစ်၍ ဌာနဆိုင်ရာများနှင့်ဆက်သွယ်ရာတွင် နေ့ချင်းပြီးဆောင်ရွက်နိုင်ပါသည်။

RIA(IME)စနစ်ဖြင့်ငွေလွှဲလုပ်ငန်း

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ၏ လစာငွေများကို မိသားစုများထံသို့ လုံခြုံစိတ်ချစွာ လွှဲပို့နိုင်ပါသည်။

မလေးရှားနိုင်ငံ၏ အကြီးဆုံးဘဏ်ကြီးဖြစ်သော မေဘဏ်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံပိုင်အကြီးဆုံးဘဏ်ကြီးဖြစ်သော မြန်မာ့စီးပွားရေးဘဏ်တို့၏ ပူးတွဲဝန်ဆောင်မှုအစီအစဉ်ဖြစ်ပါသည်။ မေဘဏ်(သို့မဟုတ်)မေဘဏ် ကိုယ်စားလှယ်များမှတစ်ဆင့် မြန်မာနိုင်ငံရှိ မည်သည့်မြန်မာ့စီးပွားရေးဘဏ်ခွဲကိုမဆို တိုက်ရိုက်ငွေလွှဲပေးသည်။ မြန်မာနိုင်ငံတစ်ဝှမ်း မြန်မာ့စီးပွားရေးဘဏ်ခွဲပေါင်း(၃၁၁)ဘဏ်ရှိသဖြင့် အကျယ်ပြန့်ဆုံး ဝန်ဆောင်မှုရရှိနိုင်ပါ သည်။ နိုင်ငံပိုင်ဘဏ်ကြီးက တာဝန်ယူစီစဉ်ဆောင်ရွက်ခြင်းဖြစ်၍ လွှဲငွေအတွက် အထူးစိတ်ချရသည်။ ငွေလွှဲနှုန်းအား အမြင့်ဆုံးငွေလွှဲနှုန်းရရန် အာမခံသည်။ လွှဲငွေကိုနေ့ချင်းပြီးထုတ်ပေးသည်။ လွှဲငွေရောက်လျှင်ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးထားပါက မိသားစုထံချက်ချင်းအကြောင်းကြားပေးသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မည်သည့် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင်မဆို ထုတ်ယူနိုင်သည်။ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေလွှဲခ လုံးဝမကောက်ခံပါ။ အခြားဝန်ဆောင်မှုစရိတ်များလုံးဝမရှိပါ။ ကျေနပ်မှုအပြည့်အဝရှိစေရမည်။

ထိုင်းနိုင်ငံရှိ Krung Thai Bank-KTB တို့နှင့် အကျိုးတူပူးပေါင်း၍ Corporate Online Asean Payment Gateway စနစ်ဖြင့် မြန်မာအလုပ်သမားများ၏ လစာငွေများကို မြန်မာနိုင်ငံရှိ မိသားစုများထံသို့ လွှဲပို့နိုင်ရေးအတွက် ငွေလွှဲဝန်‌ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ပြည်ပရောက် မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေနှင့် ပတ်သက်၍ (၁.၁၁.၂၀၂၂) ရက်နေ့မှစတင်၍ အပိုဆောင်းငွေအဖြစ် အမေရိကန်(၁)ဒေါ်လာလျှင် မြန်မာကျပ်(၃၀)နှုန်းဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ ချေးငွေစိစစ်ကြီးကြပ်ကွပ်ကဲရေးဌာနခွဲ၊ နိုင်ငံခြားငွေလုပ်ငန်း၊ နေပြည်တော်၊ နိုင်ငံခြားငွေလုပ်ငန်း၊ ရန်ကုန်မြို့နှင့် နိုင်ငံခြားငွေလုပ်ငန်း၊ ဘဏ်ခွဲ(၁)မန္တလေးတို့တွင် (၃-၆-၂၀၁၉) နေ့မှစတင်ပြီး Money Changer Counter များဖွင့်လှစ်၍ နိုင်ငံခြားငွေအရောင်း/အဝယ်များ ဆောင်ရွက်ပေးလျက်ရှိပါသည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း

၁။       မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် One Stop Services အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်၊ နယ်စပ်ဘဏ်ခွဲ(၁၇)ခုတွင် မြန်မာ့စီးပွားရေးဘဏ်ကောင်တာများ ဖွင့်လှစ်၍   ကုန်သွယ်မှုလုပ်ငန်းများအတွက် ဌာနဆိုင်ရာအသီးသီးမှ ကောက်ခံရရှိသော အခွန်အခပေးသွင်းငွေများ လက်ခံဆောင်ရွက်ခြင်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ငွေပေးချေမှုအစီအစဉ်များတွင် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းအား ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

၂။      မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာ့စီးပွားရေးဘဏ်၊ မူဆယ်ဘဏ်ခွဲနှင့် တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဘဏ် (Agricultural  Bank  of  China, ABC)နှင့် တရုတ်နိုင်ငံ ဆောက်လုပ်ရေးဘဏ် (China  Construction  Bank, CCB) တရုတ်နိုင်ငံ စက်မှုကုန်သွယ်မှုဘဏ် (Industrial and  Commercial  Bank  of  China ,  ICBC) တို့အကြား အဆက်အသွယ်ဘဏ်တည်ထောင်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

၃။      ထို့အပြင် Yuan/ Kyat တိုက်ရိုက်အသုံးပြုပေးချေသုံးစွဲနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားငွေလုပ်ငန်း၊ ရန်ကုန်မြို့၊ မူဆယ်ဘဏ်ခွဲ၊ ဘဏ်ခွဲ(၁)မန္တလေးတို့နှင့် တရုတ်အဆက်အသွယ်ဘဏ်များဖြစ်သော Bank of china (Hong Kong),Yangon Branch နှင့် Industrial and Commercial Bank of China,Yangon Branch တို့အကြား ပို့ကုန်/သွင်းကုန်ဆိုင်ရာ စာရင်းလွှဲပြောင်းပေးချေမှုများ ဆောင်ရွက်လျက်ရှိပါသည်။

၄။     မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ထိုင်းနိုင်ငံ Krung Thai Bank, TMB Bank နှင့် Saim Commercial Bank Pcl,Bangkok Bank တို့နှင့် အဆက်အသွယ်ဘဏ်တည်ထောင်ပြီး အမေရိကန်ဒေါ်လာ၊ ယူရိုနှင့် ထိုင်းဘတ်ငွေများဖြင့် ပို့ကုန်/သွင်းကုန်ဆိုင်ရာ စာရင်းလွှဲပြောင်းပေးချေမှုများ ဆောင် ရွက်လျက်ရှိပါသည်။

၅။     ထို့အပြင် Baht/ Kyat တိုက်ရိုက်အသုံးပြုပေးချေသုံးစွဲနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်ဘဏ်ခွဲတို့နှင့် Bangkok Bank Public Co.,Ltd,Yangon Branch တို့အကြား ပို့ကုန်/သွင်းကုန်ဆိုင်ရာ စာရင်းလွှဲပြောင်းပေးချေမှုများ ဆောင်ရွက်လျက်ရှိပါသည်။

၆။      မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၊ တမူးဘဏ်ခွဲနှင့် အိန္ဒိယနိုင်ငံ  PUNJAB National Bank (ယခင် United Bank of India -UBI) မိုရေးဘဏ်ခွဲတို့အကြား ငွေလွှဲလက်မှတ်တစ်စောင်လျှင် အမေရိကန်ဒေါ်လာ (၁၀၀၀၀) အထိ ဆောင်ရွက်ရန်နှင့် အမေရိကန်ဒေါ်လာ(၁၀၀၀၀) အထက်ကို Letter  of Credit (L/C) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ပုံမှန်ကုန်သွယ်မှုဆောင်ရွက်ရာ၌ အမေရိကန်ဒေါ်လာအပြင်  ယူရို၊  စင်္ကာပူ ဒေါ်လာ  (သို့မဟုတ်)  နှစ်ဦးနှစ်ဖက်သဘောတူညီသည့် လွတ်လပ်စွာ လဲလှယ်နိုင်သော မည်သည့်ငွေကြေးနှင့်မဆို ဆောင်ရွက်နိုင်ပါသည်။

၇။      မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၊ မောင်တောဘဏ်ခွဲ၊ စစ်တွေဘဏ်ခွဲနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sonali Bank နှင့် AB Bank Ltd တို့အကြား အမေရိကန်ဒေါ်လာ ငွေလွှဲလက်မှတ်ဖြင့် ငွေပေးချေရာတွင် ဆန်စပါး၊ ဂျုံ၊ ပြောင်း၊ ပဲပိစပ်၊ ဆီအုန်း၊ ကြက်သွန်နှင့် ငါးတို့အတွက် ငွေလွှဲလက်မှတ်တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၀၀၀) မှ(၅၀၀၀၀)အထိ လည်းကောင်း၊ အခြားကုန်စည်များအတွက် အမေရိကန်ဒေါ်လာ (၁၀၀၀၀)မှ (၃၀၀၀၀) အထိ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၈။       မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် ACU ဖြင့် ငွေပေးချေမှုများ ဆောင်ရွက်နိုင်ရန် Sonali  Bank Ltd နှင့် မြန်မာ့စီးပွားရေးဘဏ်အကြား ACU A/C (Euro/USD) များအပြန်အလှန် ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။

Two-Step Loan (PMU) အစီအစဉ်ဖြင့် SMEs လုပ်ငန်းရှင်များသို့ ချေးငွေများ ထုတ်ချေးခြင်း

၁။      JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းကို စီမံကိန်းအဆင့်-၁၊ အဆင့်-၂ နှင့် အဆင့်-၃ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။       စီမံကိန်းအဆင့်–၁ (MY-P 12) ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအဆင့်-၁ တွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ဂျပန်ယန်း(၄.၇၇၄)ဘီလီယံနှင့်ညီမျှသော မြန်မာကျပ်(၅၇.၆၃၄)ဘီလီယံကို ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း (Participating Financial Institution-PFIs)ဖြစ်သော ကမ္ဘောဇဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ CB Bank PCL နှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်စသည့် ပုဂ္ဂလိကဘဏ်(၆)ဘဏ်မှတစ်ဆင့် SMEs လုပ်ငန်းရှင်(၂၆၉)ဦးသို့ ထုတ်ချေးခဲ့ပါသည်။ PFIs ဘဏ်များမှ အရင်းပြန်လည်ပေး ဆပ်ငွေများကို Revolving Fund A/C တွင် ထည့်သွင်းထားရှိပြီး ပြန်လည်ထုတ်ချေးခဲ့ရာ (၂၉-၂-၂၀၂၄)ရက်နေ့အထိ SME လုပ်ငန်းရှင်(၃၄၃)ဦးသို့ ငွေကျပ်(၈၃.၀၅၄)ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် စီမံကိန်း အဆင့်-၁ အတွက် စုစုပေါင်း SME လုပ်ငန်းရှင် (၆၁၂)ဦးသို့ ချေးငွေကျပ် (၁၄၀.၆၈၈) ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။

၃။      စီမံကိန်းအဆင့်–၂ (MY-P 23) ကို ၂၀၁၈ ခုနှစ်၊ Mini-Budget တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအဆင့်-၂ တွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ဂျပန်ယန်း(၁၄.၅)ဘီလီယံနှင့်ညီမျှသော မြန်မာကျပ်(၁၉၄.၉၆၅)ဘီလီယံကို ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် သည့်အဖွဲ့အစည်း (Participating Financial Institution-PFIs) ဖြစ်သော ကမ္ဘောဇဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ် လီမိတက်၊ CB Bank PCL ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာ့စီးပွားရေးဘဏ်၊ ပထမပုဂ္ဂလိကဘဏ်လီမိတက်၊ ယူအေဘီဘဏ်လီမိတက်နှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်စသည့် ပုဂ္ဂလိကဘဏ်(၁၁)ဘဏ်မှတစ်ဆင့် (၂၉-၂-၂၀၂၄)ရက်နေ့အထိ ပုံမှန်ချေးငွေ(Ordinary Loan)အဖြစ် SMEs လုပ်ငန်းရှင်(၇၃၂)ဦးသို့ ချေးငွေကျပ် (၁၂၃.၁၃၄)ဘီလီယံ ထုတ်ချေးခဲ့ပါသည်။ COVID-19 ကြောင့် စီးပွားရေးထိခိုက်ခဲ့သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များသို့ (၂၆-၆-၂၀၂၀)ရက်နေ့မှစတင်၍ (၂၉-၂-၂၀၂၄) ရက်နေ့အထိ SME လုပ်ငန်းရှင်(၅၇၅)ဦးသို့ ချေးငွေကျပ်(၇၁.၈၃၀)ဘီလီယံအား Emergency Loan အဖြစ် ထုတ်ချေးခဲ့ပါသည်။ PFIs ဘဏ်များမှ အရင်းပြန်လည်ပေးဆပ်ငွေများကို Revolving Fund A/C တွင် ထည့်သွင်းထားရှိပြီး ပြန်လည်ထုတ်ချေးခဲ့ရာ (၂၉-၂-၂၀၂၄)ရက်နေ့အထိ SME လုပ်ငန်းရှင် (၅၄၀)ဦးသို့ ငွေကျပ်(၁၆၅.၀၀၄)ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် စီမံကိန်း အဆင့်-၂ အတွက် စုစုပေါင်း SME လုပ်ငန်းရှင်(၁၈၄၇)ဦးသို့ ချေးငွေကျပ် (၃၅၉.၉၆၈)ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။

၄။           စီမံကိန်းအဆင့်–၃ (MY-P 34) နှင့် ပတ်သက်၍ (၄-၁၁-၂၀၂၀) ရက်နေ့တွင် ဂျပန်နိုင်ငံ အစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံအစိုးရကိုယ်စား ငွေတိုက်ဦးစီးဌာနတို့အကြား ချေးငွေစာချုပ် (Loan Agreement) ကို ချုပ်ဆိုခဲ့ပြီးဖြစ်ပါ သည်။ ချေးငွေထုတ်ချေးခြင်းအစီအစဉ်များကို JICA မှ ယာယီဆိုင်းငံ့ထားပါသည်။

ပြည်တွင်းငွေလွှဲလုပ်ငန်း

စီးပွားရေးအချက်အချာကျ၍ ဆက်သွယ်ရေးကောင်းမွန်သော မြို့များရှိ ဘဏ်များကို အုပ်စု A အဖြစ် သတ်မှတ်ပြီး၊ ဝေးလံခေါင်ပါးသော မြို့များရှိ ဘဏ်များကို အုပ်စု B အဖြစ်သတ်မှတ်ကာ အုပ်စု A ဘဏ်ခွဲအချင်းချင်း အပြန်အလှန်ငွေလွှဲပို့ပါက ငွေကျပ်-၁၀၀/- လျှင် ၅ ပြားနှုန်းဖြင့်လည်းကောင်း၊ အုပ်စု B ဘဏ်ခွဲအချင်းချင်းနှင့် အုပ်စု A နှင့် အုပ်စု B ဘဏ်ခွဲများအကြား ငွေလွှဲပို့ပါက ငွေကျပ်-၁၀၀/-လျှင် ၁၀ ပြားနှုန်းဖြင့်လည်းကောင်း၊ ဖက်စ်၊ ကြေးနန်း အသုံးပြုကာ ဝန်ဆောင်မှုပေးလျက်ရှိရာ ( ၂.၁.၂၀၁၈ )ရက်နေ့မှစတင်ကာ မည်သည့်ဘဏ်ခွဲမဆို ငွေလွှဲခနှုန်းထားအား ကျပ်၁၀၀လျှင် ၅ပြားနှုန်းဖြင့်ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။ ထို့အပြင် (၁.၆.၂၀၁၅) ရက်နေ့မှစတင်ကာ ပြည်တွင်းငွေလွှဲဝန်ဆောင်မှုကို ပိုမိုမြန်ဆန်စွာဆောင်ရွက်ပေးရန်ရည်ရွယ်၍ Online မှတစ်ဆင့်လွှဲပို့ပေးသည့် E-Remittance System ကို ဘဏ်ခွဲပေါင်း (၁၁၉) ဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိပါ သည်။

Online Phone Billing System ဝန်ဆောင်မှုလုပ်ငန်း

မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း၍ ရန်ကုန်၊ မန္တလေးဒေသရှိ  အသုံးပြုကြိုးဖုန်း၊ မိုဘိုင်းဖုန်းဘီလ်ဆိုင်ရာအချက်အလက်များကို webportal လွှင့်တင်ပေးသည့်လုပ်ငန်းအပြင် Online မှတစ်ဆင့် တယ်လီဖုန်းဘီလ်ကောက်ခံပေးသည့် Online Phone Billing System စနစ်ကို ဝန်ဆောင်မှုပေးဆောင်ရွက်လျက်ရှိပါသည်။ Post Paid ဖုန်းအသုံးပြုသူ မည်သူမဆို မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲ (၁)၊ (၂)၊ (၅)၊ ငွေစုဘဏ်ခွဲ(၃)၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်ဘဏ်ခွဲ(၁)၊ မန္တလေးဘဏ်ခွဲ(၁) နှင့် (၂) အပြင် မြန်မာ့စီးပွားရေးဘဏ်မှ ခန့်အပ်ထားသော ပြင်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဘဏ်များ၊ City Mart Holding ၊ United Living Mall ၊ Super One ၊ Vitoria ၊ Asia Light Super Market စသည့် ဈေးဝယ်စင်တာတို့တွင် မိမိတို့၏ တယ်လီဖုန်းနံပါတ် ပြောကြားခြင်းဖြင့် နေရာဒေသမရွေး Online မှတစ်ဆင့် တယ်လီဖုန်းဘီလ်ပေးဆောင်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Automated Teller Machine (ATM) ဝန်ဆောင်မှုလုပ်ငန်း

မြန်မာ့စီးပွားရေးဘဏ်သည် Myanmar Payment Union (MPU) အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိပြီး ဘဏ်နှင့်ဆက်သွယ်သူ Customer များအနေဖြင့် ငွေသားကိုင်ဆောင်ရခြင်းမှ ကင်းဝေးစေရုံသာမက လုံခြုံစိတ်ချရသည့် ဘဏ်ဝန်ဆောင်မှုအသစ်အဖြစ် မြန်မာ့စီးပွားရေးဘဏ် ATM ကတ်အသုံးပြု၍ မိမိတို့နှစ်သက်ရာ မြန်မာ့စီးပွားရေးဘဏ် ATM စက်များနှင့် MPU အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များ၌ လွယ်ကူလျင်မြန်စွာ ငွေသားထုတ်ယူနိုင်သည့်အပြင် ဌာနဆိုင်ရာ အရာထမ်းဝန်ထမ်းများနှင့် အငြိမ်းစားလစာများကို Standing Instruction ပေးထားခြင်းဖြင့် လစာထုတ်ယူနိုင်သည့် ATM စနစ်ကို ရန်ကုန်မြို့ရှိ ဘဏ်ခွဲ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ ငွေစုဘဏ်ခွဲ(၃)၊ (၄)၊ တာမွေ၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ နေပြည်တော်၊ ပျဉ်းမနား၊ မန္တလေး(၁)၊ (၂)၊ (၃)၊ မြဝတီ၊ ပဲခူး၊ တောင်ငူ၊ သန်လျင်၊ ပုသိမ်၊ မအူပင်၊ ပခုက္ကူ၊ စစ်ကိုင်း၊ မိတ္ထီလာ၊ လားရှိုး၊ ကျောက်ဆည်၊ တောင်ကြီး၊ ပြည်၊ တာချီလိတ်၊ ဘားအံ၊ ရွှေဘို၊ ကျိုင်းတုံ၊ မြင်းခြံ၊ သထုံ၊ ညောင်ဦး၊ မော်လမြိုင်ဘဏ်ခွဲ(၂)၊ မကွေး၊ မြောက်ဥက္ကလာပ၊ ဟင်္သာတ၊ မူဆယ်၊ မော်လမြိုင်(၁)၊ မုံရွာ၊ ရမည်းသင်း၊ ထားဝယ်၊ မြိတ်၊ မြစ်ကြီးနား၊ ဗန်းမော်၊ စစ်တွေ၊ ငွေစုဘဏ်ခွဲ (၁) ရန်ကုန်၊ ကမာရွတ်၊ အင်းစိန် ၊ ပြင်ဦးလွင် ၊ လွိုင်ကော် ၊ ကလေး စသည့် မြန်မာ့စီးပွားရေးဘဏ်ခွဲ (၅၅) ဘဏ်တွင် ATM စက် (၇၅)လုံးဖြင့် (၂.၄.၂၀၁၅)ရက်နေ့မှစတင်ကာ ဝန်ဆောင်မှုပေးဆောင်ရွက်လျက်ရှိပါသည်။    ထို့အပြင် ဖော်ပြပါ မြန်မာ့စီးပွားရေးဘဏ်(၅၅) ဘဏ်၌ (၅.၅.၂၀၁၇)ရက်နေ့မှ ထုတ်ဝေခဲ့သော ATM ကတ်များသည် ကနဦးအနေဖြင့်  https://www.myanmarpaymentunion.com  သို့ဝင်ရောက်၍ Online Enrollment ပြုလုပ်ရမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ပြီးချိန်တွင် ကတ်ကိုင်ဆောင်သူများအနေဖြင့် MPU အဖွဲ့ဝင်ဘဏ်များ၏ Merchant များမှ ရောင်းချနေသော ရွှေ၊ ငွေနှင့်လက်ဝတ်ရတနာပစ္စည်းများ၊ ဒေသထွက်အမှတ်တရပစ္စည်းများ၊ ကားလက်မှတ်နှင့် လေယာဉ်လက်မှတ်များဝယ်ယူခြင်း၊ တယ်လီဖုန်းဘီလ်ဖြည့်တင်းခြင်း၊ အခွန်ငွေပေးဆောင်ခြင်း စသည်တို့အပြင် အခြား Merchant များထံတွင်လည်း Online မှတစ်ဆင့် E-Commerce ဝန်ဆောင်မှုသစ်ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း ဘဏ်နှင့်ဆက်သွယ်သူ Customer များထံသို့ အသိပေးပန်ကြားအပ်ပါသည်။

Mobile Payment ဝန်ဆောင်မှုလုပ်ငန်း​

(၁၅.၁၀.၂၀၁၅) ရက်နေ့မှစတင်ကာ မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အင်းဝဘဏ်လီမိတက်၊ Myanmar Mobile Money (MMM) ၊ Easy Pay တို့အကျိုးတူပူးပေါင်း၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုရှိ မြန်မာ့စီးပွားရေးဘဏ် ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲ (၂၈၁) ဘဏ်တွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ပြည်သူများအနေဖြင့် MPT ၊ MECTel နှင့် Mytel Sim Card အသုံးပြု၍ မိုဘိုင်းဝန်ဆောင်မှုချိတ်ဆက်ထားခြင်းဖြင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။  ထို့ပြင် ငွေသားပေးသွင်းခြင်း၊ ထုတ်ယူခြင်း၊ ဖုန်းပြောဆိုခငွေဖြည့်တင်းခြင်းနှင့် အငြိမ်းစားလစာများကို Standing Instruction ပေးထားခြင်းဖြင့် ဘဏ်သို့ အကြိမ်ကြိမ်လာရောက်ရန်မလိုဘဲ ကိုယ်တိုင်အငြိမ်းစားလစာဖြစ်ပါက ခြောက်လတစ်ကြိမ်၊ မိသားစုအငြိမ်းစားလစာဖြစ်ပါက သုံးလတစ်ကြိမ်သာ လူတွေ့စစ်ဆေးခံရန်လိုအပ်ပြီး မိမိတို့ လွယ်ကူအဆင်ပြေသည့် မြန်မာ့စီးပွားရေးဘဏ် (သို့မဟုတ်) MMM က ခန့်အပ်ထားသော ပြင်ပအေးဂျင့်များတွင် လစာကို ရိုးရှင်းလွယ်ကူစွာ ထုတ်နိုင်မည်ဖြစ်ပါသည်။

E-Pension စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးခြင်းလုပ်ငန်း

အငြိမ်းစားဝန်ထမ်းများသို့ ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းကို (၁.၁၀.၁၉၇၂) နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး ပင်စင်လစာကို လွယ်ကူလျင်မြန်စွာ အချိန်မရွေးထုတ်ယူနိုင်ရန် ရည်ရွယ်၍ IT နည်းပညာကို အသုံးပြုသည့် E-Pension စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၁၂ခုနှစ်၊ ဩဂုတ်လမှစတင်ဆောင်ရွက်ခဲ့ရာ ဘဏ်ခွဲပေါင်း (၃၀၂) ဘဏ်ဖြင့် အငြိမ်းစားဦးရေ (၇၃၇,၃၃၃)ကို ပင်စင်လစာထုတ်ပေးလျက်ရှိပါသည်။ E-Pension စနစ်ဖြင့် ထုတ်ပေးခြင်းကြောင့် အငြိမ်းစားသည် E-Pension ကတ်မှ Saving Account, Current Account, Myanmar Mobile Money Account, ATM Account များသို့ စာရင်းပြောင်းထုတ်ယူနိုင်ခြင်း၊ အငြိမ်းစားလစာထုတ်ယူရန်အတွက် ဘဏ်သို့ (၂) ကြိမ် လာရောက်ရန်မလိုအပ်ခြင်း၊ တန်းစီစောင့်ဆိုင်းထုတ်ယူရန်မလိုအပ်ခြင်းနှင့် မည်သည့်နေ့ရက်တွင်မဆို ထုတ်ယူနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။