မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်း လုပ်ငန်းလမ်းညွှန် စာအုပ် မိတ်ဆက်ပွဲနှင့် ဖွားသေစာရင်းအင်း ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

, , , ,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် UNICEF(မြန်မာ)တို့မှ ကြီးမှူးကျင်းပသော မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်း လုပ်ငန်းလမ်းညွှန် စာအုပ်မိတ်ဆက်ပွဲနှင့် ဖွားသေစာရင်းအင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ယနေ့နံနက် ၈ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မြန်မာနိုင်ငံ UNICEF ခေတ္တ ဌာနေကိုယ်စားလှယ် Mr. Paul Edwards တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


ပထမဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ကမ္ဘာကြီး ဖြစ်တည်လာကတည်းက လူတွေသည် စာရင်းဇယားဆိုသည်ကို မသိသေးသည့် အချိန်မှာ Data များ စာရင်းအင်းများနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ရှင်သန်ဖြတ်သန်းလာခဲ့ကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် သိပ္ပံပညာရှင်များသည် ရရှိထားသည့်  Data များ စာရင်းအင်းများအပေါ် အခြေခံလျက် Focus၊ Predict လုပ်လာကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် Data များစာရင်းအင်းများကို တန်ဖိုးမထားခဲ့သောကြောင့်  ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ Data နှင့် Statistics ကို မူဝါဒများတွင် အသုံးချနိုင်မှသာလျှင် တိုင်းပြည် တိုးတက်မည် ဖြစ်ကြောင်း၊ ယခု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတစ်ခုတည်းနှင့် ပြီးဆုံးသွားရန် မဟုတ်ဘဲ သမိုင်းတွင် မှတ်တိုင်တစ်ခု ဖြစ်စေရန်ရည်ရွယ်၍ ဆွေးနွေးသွားကြရန်လိုကြောင်း၊ မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သည့် နေရာတွင် ဗဟိုစာရင်းအင်းအဖွဲ့နှင့်အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနတို့အပြင် ပတ်သက်ဆက်နွယ်သည့် ဌာနအချင်းချင်း ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ယခင်က မိမိတို့နိုင်ငံတွင် ကိန်းဂဏန်း တိကျမှန်ကန်မှု မရှိခဲ့သည့်အတွက် ဖွံ့ဖြိုးမှု နောက်ကျခဲ့ပါကြောင်း၊ အနာဂတ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန်အတွက် Data နှင့် Statistics များကို တန်ဖိုးထားကြရန် လိုအပ်ပါကြောင်း၊ ဤလမ်းညွှန်စာအုပ်ကို တစ်နိုင်ငံလုံး အသုံးပြုနိုင်တော့မည် ဖြစ်သဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ် မတ်လအတွင်း အလုပ်ရုံဆွေးနွေးပွဲများကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် ပုဂ္ဂိုလ်များသည် မိမိတို့ သက်ဆိုင်ရာလုပ်ငန်းများတွင် ကျွမ်းကျင်ပြီးဖြစ်၍ အချင်းချင်းနည်းပညာ အကြံဉာဏ်များကို ဖလှယ်ကာ မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်း တိုးတက်ကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ပံ့ပိုးကူညီပေးသည့် UNICEF နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အနာဂတ်ကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့သည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဤလမ်းညွှန် စာအုပ်သည် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများအတွက် အလွန်အရေးကြီးကြောင်း၊ စီမံကိန်းများ ရေးဆွဲရာ၌လည်းကောင်း၊ Population Policy ရေးဆွဲရာ၌ လည်းကောင်း အရေးကြီးပါကြောင်း၊ Net Reproductive Rate သည် (၀.၈၉) ဖြစ်နေပြီး Population Rate ကျဆင်းနေသည့်အတွက် မိမိတို့နိုင်ငံ၏ အနာဂါတ် လူဦးရေအတွက် စိုးရိမ်ပါကြောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ သေဆုံးမှုနှုန်း၊ ရောဂါဖြစ်ပွားမှုနှုန်း တွက်ချက်ရာတွင် သယံဇာတခွဲဝေမှုအနေဖြင့် Program တွင် ငွေကြေးသုံးစွဲမှုမှာလည်း အရေးကြီး ပါကြောင်း၊ ကျန်းမာရေးစီမံကိန်းများ ရေးဆွဲရာတွင် အရေးပါကြောင်း၊ မိမိတို့နိုင်ငံတွင် Data Culture မရှိပါကြောင်း၊ ယခုအခါ ကျန်းမာရေးဌာနသည် Research Culture လုပ်သလို Data Culture ကို တိုးတက်အောင် လုပ်နေပါကြောင်း၊  ပေါ်လစီ ပြောင်းလဲရန်အတွက် Data များသည် အရေးကြီးသဖြင့် ဤလမ်းညွှန်စာအုပ်သည် အထောက်အကူပြုပါကြောင်း၊ Vital Registration System တွင် ပူးပေါင်းဆောင်ရွက်ကြသည့် UNICEF ၊ Bloomberg၊ ဌာန ဆိုင်ရာများနှင့် မိတ်ဖက်အဖွဲ့အစည်းများအား ကျေးဇူးတင်ရှိပါကြောင်း၊ ယခု လမ်းညွှန်စာအုပ်ကို စတင်ဆောင်ရွက်သည့် အချိန်မှ ၈ လ အကြာနှင့် ၁၂ လအတွင်း အမှန်တကယ် လုပ်ဆောင်ရာတွင် အဆင်ပြေမှုရှိမရှိနှင့် လိုအပ်ပါက ပြင်ဆင်ရန်အတွက် ပတ်သက်ဆက်နွယ်သည့် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


ဆက်လက်၍ UNICEF(မြန်မာ)မှ ခေတ္တဌာနေကိုယ်စားလှယ် Mr. Paul Edwards မှ လည်း“မြန်မာနိုင်ငံ မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်း လမ်းညွှန်စာအုပ်အား မိတ်ဆက်နိုင်သဖြင့် ဝမ်းမြောက်ကြောင်း၊ ဖွားသေစာရင်းအင်းဆိုင်ရာ ကိစ္စရပ်များနှင့် မှတ်ပုံတင်အရာရှိများအတွက် အထောက်အကူဖြစ်သဖြင့် ယခုကဲ့သို့ ကူညီပံ့ပိုးခဲ့ရခြင်းကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း”တို့ကို ပြောကြားခဲ့ပါသည်။
ထို့နောက် ဖွားသေစာရင်းအင်း အကောင်အထည်ဖော်မှုဆိုင်ရာ ဗွီဒီယိုဖိုင်နှင့် ကမ္ဘာ့စာရင်းအင်းနေ့ အထိမ်းအမှတ် ဗွီဒီယိုဖိုင်တို့ကို တင်ပြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပါသည်။ နံနက်ပိုင်းဆွေးနွေးပွဲတွင် သဘာပတိအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင်မှ ဆောင်ရွက်၍ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်မှ မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်စနစ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ UNICEF(မြန်မာ)မှ စီမံချက်အရာရှိ (Policy Advocacy Officer) ဒေါ်ဂျေလီယံ စမ်းစမ်းအေးမှ  မွေးဖွားမှု မှတ်ပုံတင်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်က သေဆုံးမှု မှတ်ပုံတင်ခြင်းလုပ်ငန်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က Community engagement and participation ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးတင်ပြသွားကြပြီး တက်ရောက်လာသူများက သိရှိလိုသည် များကို မေးမြန်းကြပါသည်။


မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်မှ သဘာပတိအဖြစ် ဆောင်ရွက်၍ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ ဖြစ်သော UNICEF နှင့် ကမ္ဘာ့ဘဏ်တို့မှ တာဝန်ရှိသူများက ဆွေးနွေးကြပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်ဆိုင်သော ကော်မတီဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေး တက္ကသိုလ်များမှ ပညာရှင်များ၊  ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ NGO နှင့်  INGO မှ ကိုယ်စားလှယ်များ စုစုပေါင်းလူဦးရေ (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲ ၃:၃ဝနာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်