ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေး (၂/၂၀၂၃) ကျင်းပ

နေပြည်တော် ၊ ဒီဇင်ဘာ ၇

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ(၂/၂၀၂၃) အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀:၃၀ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး  တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ (၁/၂၀၂၃) အစည်းအဝေး ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပခဲ့ပါကြောင်း၊ ပထမအကြိမ် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ ဦးဆောင်၍ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အဓိကကျသည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်ခဲ့ပြီး အဓိက စားသောက်ကုန်ဖြစ်သည့် ဆန်၊ စားသုံးဆီ ဈေးနှုန်းများ တည်ငြိမ်ရေးနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ပါကြောင်း၊ 

စားအုန်းဆီ ဖြန့်ဝေရန် လျာထားမှု၊ သတ်မှတ်သည့်နေရာသို့ အမှန်တကယ် ရောက်ရှိမှု ရှိ/မရှိ၊ ဈေးကွက်အတွင်း အမှန်တကယ် ဖြန့်ဖြူးရောင်းချပေးမှု ရှိ/မရှိ ကြပ်မတ် ဆောင်ရွက်ရေး၊ စားအုန်းဆီ တင်သွင်းမှုပမာဏ အပြည့်အဝ ဖြစ်စေရေးနှင့် ပြည်ပသို့ ဆန်တင်ပို့ ပြုလုပ်မည့် သူများကို သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြီးမှ လိုင်စင် ထုတ်ပေးနိုင်ရေး တို့ကို ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သက်ဆိုင်ရာ‌ တိုင်းဒေသကြီး/ ပြည်နယ်ရှိ ဒေသအရောက် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်ထဲသို့ အမှန်တကယ် ဖြန့်ဖြူးရောင်းချပေးရန် တိုင်းဒေသကြီး/ ပြည်နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့များက စနစ်တကျကြပ်မတ်သွားရန် လိုအပ်ပါကြောင်း၊ 

ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ အနေဖြင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များဖြစ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက် ပိုင်ရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတို့မှ ကိုယ်စားလှယ်များနှင့် “လုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့ ပါကြောင်း၊ အစည်းအဝေးတွင် ဆန်စပါးဉပဒေ ပြဌာန်းနိုင်ရေးနှင့် ၂၀၂၃ ခုနှစ် မိုးစပါးပေါ်ချိန် ဆန်စပါးဝယ်ယူရာတွင် သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်စေရန် ရည်ညွှန်းဈေးများဖြင့် ဝယ်ယူရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ပါကြောင်း၊ 

လက်ရှိအချိန်တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ ပို့ကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခြင်း၊ ဆန်စက်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို Digital နည်းလမ်းဖြင့် ဆောင်ရွက်နိုင်မည့် Myanmar Rice Online (MyRO) စနစ်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ဆန်စပါးသိုလှောင်မှုများ စနစ်တကျရှိစေရေးအတွက် စပါးတင်း ၅၀၀၀ (သို့) ဆန်တန် ၅၀ အထက် ဆန်စပါးသိုလှောင်မှုအခြေအနေတို့ကို   Myanmar Rice Online (MyRO) တွင် မှတ်ပုံတင်ခြင်းဖြင့် ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သင့်တင့် မျှတတည်ငြိမ်သော ဆန်ဈေးကွက်နှင့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင် အဖွဲ့အနေဖြင့်လည်း နိုင်ငံအတွင်း အခြေခံစားသုံးသူ ပြည်သူများအတွက် ကျန်းမာရေးနှင့် ပိုမိုညီညွှတ်သော စားသုံးဆီများ ထုတ်လုပ်၊ တင်ပို့၊ ဖြန့်ဖြူး၊ ရောင်းချနိုင်ရေးနှင့် စပ်လျဉ်းပြီး စနစ်တကျ စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

မိုးသီးနှံများ စိုက်ပျိုးခြင်းနှင့် ပတ်သက်ပြီး စိုက်ပျိုးမြေများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် အထွက်နှုန်းကောင်းစေရေး ဆောင်ရွက်ရန် အဓိက အလေးထားလုပ်ဆောင်ရ မည်ဖြစ်ပါကြောင်း၊ ထို့အပြင် စိုက်ဧက၊ အထွက်နှုန်းတို့နှင့် ပတ်သက်သည့် စာရင်းအင်း ကိန်းဂဏန်းအချက်အလက်များသည် လက်တွေ့မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း၊ 
အခြေခံ စားသောက်ကုန်ပစ္စည်း ဈေးနှုန်းများ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ဈေးနှုန်းပြောင်းလဲမှု ဖြစ်ပေါ်ပါက အကြောင်းရင်းကို သေချာစိစစ်ဖော်ထုတ်၍ ဖြေရှင်းပေးနိုင်ရေး၊ ယင်းအခြေအနေကို အခွင့်ကောင်းယူပြီး ဈေးကစားခြင်း မဖြစ်ပေါ်စေရေး အတွက် ဝိုင်းဝန်း ထိန်းသိမ်းကြပ်မတ်နိုင်ရန် လိုအပ်ကြောင်း၊

ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင် အောင် ဆောင်ရွက်သွားရန်အတွက် ပြည်ထောင်စုအဆင့် ကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စားသုံးဆီဖြန့်ဖြူး ခြင်းလုပ်ငန်းများ စနစ်တကျရှိစေရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ကုန်ဈေးနှုန်းတည် ငြိမ်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များက မိမိတို့ဒေသ/ဌာနအလိုက် စားသောက်ကုန် ပစ္စည်းထုတ်လုပ်မှု တိုးတက်ရေးနှင့် ကုန်‌ဈေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်နေမှုအခြေ အနေများအား ဆွေးနွေးတင်ပြကြပါသည်။ 

ထို့နောက် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌက သက်ဆိုင်ရာ ကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်း များနှင့် လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်