ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရန်ကုန် စက်တင်ဘာ  ၂၅
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန ဇေယျာသီဟအစည်းအဝေးခန်းမ၌ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက ကုန်သေတ္တာ၊ အလုံပိတ်ယာဉ်များဖြင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးသည့် (Logistics Surveillance System - E-Lock) စနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ နိုင်ငံတော် ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေးကိစ္စရပ်များ၊ သွင်းကုန်တန်ဖိုးစိစစ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များအပေါ် လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြပါသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အကောက်ခွန် ဦးစီးဌာနသည် နိုင်ငံတော်၏ အခွန်ဘဏ္ဍာများကို အဓိက ရှာဖွေပေးရသည့် ဌာနတစ်ခုဖြစ်ပြီး တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေးလုပ်ငန်းတွင်လည်း အဓိကတာဝန်ယူဆောင်ရွက်ရသည့်ဌာနဖြစ် သည့်အတွက် တာဝန်ရှိသူများအနေဖြင့် အောက်ခြေအထိစစ်ဆေးကြပ်မတ်ရန် လိုကြောင်း၊ တာဝန် ထမ်းဆောင်ကြရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ လိုက်နာရန်လိုကြောင်း၊ ယခု E-Lock နှင့် National Single Window စနစ်တို့မှာ အရေး ကြီးသည့်လုပ်ငန်းများဖြစ်သည့်အတွက် အောင်မြင်အောင် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းစစ်ဆေးသည့်အခါ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များနှင့် သေချာစစ်ဆေးရန် လိုအပ်ကြောင်း၊ စတင်စစ်ဆေးသည့်နေရာနှင့် လမ်းခရီးအဆုံးတို့တွင် ကုန်ပစ္စည်းစစ်ဆေးခြင်းများ ဆောင်ရွက်နေခြင်းကို CCTV Camera များဖြင့် E-Lock Control Room မှ တိုက်ရိုက်ကြည့်ရှု နိုင် အောင် စီစဉ်ထားရန်လိုကြောင်း၊ National Single Window ကိုလည်း မဖြစ်မနေ အကောင် အထည်ဖော်ရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အောက်ခြေကို စနစ်တကျကြပ်မတ်ရန် လို ကြောင်း၊ ဝန်ထမ်းငယ်များ၏ အခက်အခဲများကို ဖြေရှင်းပေးရန် လိုကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ထမ်းဆောင်ရန်လိုကြောင်း လမ်းညွှန်မှာကြား ပါသည်။ 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်ဦးစီးဌာန ရှိ E-Lock Control Room မှတစ်ဆင့် လုပ်ငန်းဆောင်ရွက်နေမှု၊ ကုန်ပစ္စည်းအလိုအလျောက်ရှင်းလင်း ရေးနှင့်ထိန်းချုပ်ရေးဌာနခွဲရှိ Monitoring Room မှတစ်ဆင့် MACCS စနစ်ဖြင့် လုပ်ငန်းဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခြင်း၊ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အာမခံလုပ်ငန်းသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာ တွေ့ဆုံပွဲသို့ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူးနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။
ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးက မြန်မာ့အာမခံ လုပ်ငန်း၏အဓိကတာဝန်ဖြစ်သော ပြည်သူများကြုံတွေ့နိုင်သည့် သဘာဝဘေးအန္တရာယ်များကို အာမခံစနစ်ဖြင့် ကာကွယ်ထောက်ပံ့နိုင်ရေးအတွက် နိုင်ငံတကာအဆင့်အတန်းနှင့်အညီ လိုအပ် သော အာမခံအမျိုးအစားများကို တီထွင်ဖန်တီးပြီး လုပ်ဆောင်ပေးရန်လိုပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့်ကိုက်ညီသော အာမခံအမျိုးအစားများကို လက်တွေ့ကျကျ ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားလိုကြောင်း။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေနှင့် အရေးကြီးသော နိုင်ငံတော်၏ဘဏ္ဍာငွေများ ရှာဖွေစုဆောင်းရန် အဓိကတာဝန်ရှိပါကြောင်း၊ သို့ဖြစ်ရာ မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ပြည်သူ များအားထားရသည့် အာမခံအကာအကွယ်များကို ပြည့်ပြည့်ဝဝပေးနိုင်အောင် အရာထမ်း/အမှုထမ်း အားလုံးက ယခုထက် ပိုမိုကြိုးစားပြီး ဝင်ငွေများကိုလည်း လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ လုပ်ငန်းတာဝန်များ ကြိုးပမ်းထမ်းဆောင်ကြရာတွင် အရာထမ်း/အမှုထမ်းများအနေဖြင့် သတ်မှတ်ထားသော ဌာနစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာစောင့်ထိန်းကြရန် လိုကြောင်း။

မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဝင်ငွေလျာထားချက် နှင့်စပ်လျဉ်း၍  ယခု စက်တင်ဘာလဝက်အထိ လျာထားချက်၏ ၅၃ ဒသမ ၃၉ ရာခိုင်နှုန်း အကောင် အထည်ဖော်နိုင်ခဲ့ကြောင်း၊ အလားတူကာလနှင့်နှိုင်းယှဉ်ပါကလည်း ပိုမိုရရှိသည့်အတွက် ကြိုးစား ဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ အသုံးစရိတ်အပိုင်းတွင်လည်း လျာထားချက်ထက် လျော့နည်းသုံးစွဲခဲ့သည်ကိုတွေ့ရှိရကြောင်း၊ မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ဖွဲ့စည်းပုံအရ အရောင်း မြှင့်တင်ရေးဌာနကို ဖွဲ့စည်းထားရှိနိုင်ခဲ့ပြီး ၂၁-၁-၂၀၂၀ ရက်မှစ၍ မြန်မာ့အာမခံ သင်တန်းကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ကာ ဈေးကွက်အသစ်များကိုလည်း ချဲ့ထွင်နိုင်ခဲ့ပြီး ပြည်သူများသို့ ထိရောက်သည့် အာမခံဆိုင်ရာအသိပညာပေးခြင်းလုပ်ငန်းများကို လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ ကျန်ရှိသည့် ကာလတွင်လည်း အောင်မြင်အောင် ဆက်လက် ကြိုးစားကြပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးစီးပွားအတွက် အားကိုးရသော၊ စွမ်းရည်ပြည့်ဝသည့် တာဝန်ကျေပွန်သော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် အမြဲကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်