MACCS / MCIS  စနစ်အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ

နိဒါန်း

၁။      နိုင်ငံတကာတွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်နှင့်အမျှ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး (Trade Facilitation) အတွက် နိုင်ငံတကာအသိအမှတ်ပြု စံလုပ်ထုံးလုပ်နည်းများ၊ နည်းပညာများဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ မြန်မာနိုင်ငံသည်လည်း နိုင်ငံရေး၊ စီးပွားရေးကဏ္ဍအသီးသီးတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သည့်နောက်ပိုင်း ကုန်သွယ်မှုလုပ်ငန်းများမှာလည်း တဟုန်ထိုး တိုးတက်လာခဲ့ပါသည်။ အကောက်ခွန်ဆိုင်ရာကုန်ပစ္စည်းများ ရှင်းလင်းထုတ်ယူမှု လုပ်ငန်းစဉ်များတွင် Manual စနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက အချိန်ကြန့်ကြာခြင်း၊ ကုန်ကျစရိတ်များပြားခြင်း၊ ကုန်သွယ်မှုကိန်းဂဏန်းများမှာလည်း ယေဘုယျအားဖြင့် တိကျမှန်ကန်စွာရရှိနိုင်မှုတွင် ထိခိုက်စေနိုင်ခြင်းနှင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးအတွက်ပါ အဟန့်အတားသဖွယ်ဖြစ်ပေါ်စေနိုင်ခြင်း ၀န်ထမ်းနှင့်ပြည်သူထိတွေ့ဆောင်ရွက်ရမှုဖြစ်စဉ် များပြားသဖြင့် အဂတိလိုက်စားမှုများအား ထိန်းချုပ်ရန်ခက်ခဲခြင်း စသည့် အားနည်းချက်များ တွေ့ရှိရပါသည်။

၂။      အထက်ပါ အားနည်းချက်များအား လျော့နည်းကျဆင်းစေရန်အတွက် ဂျပန်နိုင်ငံတွင် လက်တွေ့သုံးစွဲအောင်မြင်လျက်ရှိသည့် Nippon Automated Cargo and Port Consolidated System- NACCS အား အခြေခံ၍ Myanmar Automated Cargo Clearance System -MACCS (မြန်မာ့ကုန်ပစ္စည်း အလိုအလျောက်ရှင်းလင်းရေးစနစ်) နှင့် Myanmar Customs Intelligence System -MCIS (မြန်မာ့အကောက်ခွန်သတင်း အချက်အလက်စနစ်) တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။

ရည်မှန်းချက်

        (၁)     သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များ ပိုမိုသွက်လက် မှန်ကန်မြန်ဆန်စေရန်၊

        (၂)     နိုင်ငံတကာအကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရန်၊

       (၃)     အချိန်၊ ငွေကြေးသုံးစွဲရမှုများ လျော့ကျလာစေပြီး ကြိုတင်မျှော်မှန်း ဆောင်ရွက်လာစေနိုင်ရန်၊

      (၄)     နိုင်ငံတကာ စံလုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သည့် Risk Management စနစ်အား နည်းလမ်းတကျ အသုံးပြုနိုင်ရန်၊

      (၅)     ကုန်သွယ်မှု လွယ်ကူချောမွေ့စေခြင်းမှတစ်ဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမို ဖိတ်ခေါ်လာနိုင်စေရန်နှင့် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ထောင့်တစ်နေရာမှ အထောက်အကူ ဖြစ်စေရန်၊

ရရှိလာသည့်အကျိုးကျေးဇူးများ

၃။      အကောက်ခွန်ဦးစီးဌာနတွင် သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များအား Manual စနစ်မှ Automatic System သို့ ပြောင်းလဲဆောင်ရွက်နိုင်ခဲ့၍ ကုန်သွယ်မှုလွယ်ကူချောမွေ့စေခြင်းနှင့် ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက်လာပြီး နိုင်ငံတော်၏ စီးပွားရေးကို တိုးတက်လာစေခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဖိတ်ခေါ်လာနိုင်ခြင်း၊ နိုင်ငံတကာ ကုန်သွယ်မှုတိုးတက်လာသဖြင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာများ ပိုမိုတိကျမှန်ကန်စွာ ကောက်ခံရရှိလာစေနိုင်ခြင်း၊ MACCS/MCIS စနစ်မှတစ်ဆင့် နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ်သို့လည်းကောင်း၊ ထိုမှတဆင့် ASEAN Single Window သို့ လည်းကောင်း ဝင်ရောက်နိုင်ရေးအတွက် များစွာအထောက်အကူပြုနိုင်စေခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်ပါသည်။

MACCS/ MCIS  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေ

၄။     MACCS/MCIS စနစ်အတွက် မြန်မာ-ဂျပန် နှစ်ဖက်တာဝန်ရှိသူများသည် (၂၄.၇.၂၀၁၃) ရက်နေ့မှ စတင်၍ တွေ့ဆုံဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စနစ်၏ Brief Design အား ၂၀၁၃ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် လည်းကောင်း၊ Detail Design အား ၂၀၁၅ မတ်လ (၃၁) ရက်နေ့တွင် လည်းကောင်းရေးဆွဲနိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ် စမ်းသပ်အသုံးပြုမှု Running Test ကို ၂၀၁၆ သြဂုတ်လမှ အောက်တိုဘာလ အထိဆောင်ရွက်ခဲ့ပါပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် System အား ရန်ကုန်ဧရိယာ (သီလဝါအထူးစီးပွားရေးဇုန် အပါအဝင်) ၌စတင်အသုံးပြုခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် မြဝတီနယ်စပ်ဒေသ၌လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် မူဆယ် နှင့် ချင်းရွှေဟော် နယ်စပ်ဒေသများ၌လည်းကောင်း တိုးချဲ့အသုံးပြုနိုင်ခဲ့ပါသည်။

MACCS စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မည့် အခြားအစိုးရအဖွဲ့အစည်းများ (OGAs)

၅။      MACCS စနစ်သည် National Single Window (NSW) အကောင်အထည်ဖော် ဆောင်ရွက်မှုကိုပါ အထောက်အကူပြုသည့် စနစ်တစ်ခုဖြစ်သောကြောင့် အခြားသောအစိုးရ အဖွဲ့အစည်းများ (OGAs) နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ရာ ပထမအဆင့်တွင် သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ် များနှင့် ဆက်စပ်လျက်ရှိသည့် အောက်ပါဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်-

  • စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOC) (ကိုယ်ပိုင်စနစ်ဖြင့်ချိတ်ဆက်ပါမည်)
  • မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(MPA) (ကိုယ်ပိုင်စနစ် Port EDI ဖြင့်ချိတ်ဆက်ပါမည်)
  • အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA)
  • အပင်ရောဂါပိုးမွှားကာကွယ်ရေးဌာန (Plant Quarantine)
  • မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ( Animal Quarantine )
  • ငါးလုပ်ငန်းဦးစီးဌာန ( Animal Quarantine )
  • မြန်မာ့စီးပွားရေးဘဏ်(MEB)(အကောက်ခွန်ဖြင့်သာသီးသန့်ချိတ်ဆက်ခြင်းဖြစ်ပါသည်)

ကောက်ခံနိုင်သောအခွန်အမျိုးအစားများ

၆။      MACCS စနစ်မှ အောက်ပါအခွန်အမျိုးအစား (၁၀) မျိုးအား ကောက်ခံသွားမည် ဖြစ်ပါသည် -

  • Customs Duty (အကောက်ခွန်ဦးစီးဌာနအတွက် ကောက်ခံသော အကောက်ခွန်ရငွေ Customs Duty-CD ဖြစ်ပါသည်)
  • Commercial Tax (ပြည်တွင်းအခွန်များဦးစီးဌာနအတွက် ကောက်ခံပေးသော ကုန်သွယ် လုပ်ငန်းခွန် Commercial Tax-CTဖြစ်ပါသည်)
  • Security Fee (for X-Ray) (ကုန်သေတ္တာများလုံခြုံမှု စစ်ဆေးခြင်းအတွက် X-Ray ဖြတ်သန်းစစ်ဆေးမှု အခကြေးငွေ)
  • Revenue Deposit -RD or Post Value Revenue Deposit – PVRD

(RD ဆိုသည်မှာ အရေးကြီးကုန်ပစ္စည်းများထုတ်ယူမှုအတွက် အပြီးသတ် အခွန်ပေးဆောင်ခြင်းမပြုမီ ပေးသွင်းထားရသည့် အခွန်အာမခံငွေဖြစ်ပါသည်၊ PVRD ဆိုသည်မှာ ထုတ်ယူမည့် ကုန်ပစ္စည်းများ၏တန်ဖိုးအား အတည်ပြု သတ်မှတ်နိုင်ခြင်း မရှိသေးမီ ကုန်ပစ္စည်းများကို ထုတ်ယူနိုင်ရေးအတွက် ပေးသွင်းထားရသည့်အခွန် အာမခံငွေ ဖြစ်ပါသည်)

  • Specific Goods Tariff – SGT (ပြည်ထောင်စုအခွန်အကောက်ဥပေဒေတွင် ပါရှိသည့် ပြည်တွင်းအခွန်များဦးစီးဌာနအတွက် ကောက်ခံပေးရသော အထူးကုန်စည်ခွန် ဖြစ်ပါ သည်)
  • Transit Duty-TD (ဖြတ်သန်းကုန်စည်ခွန် ဖြစ်ပါသည်)
  • Advanced Income Tax - AT (ပြည်တွင်းအခွန်များဦးစီးဌာနအတွက် သွင်းကုန်/ ထုတ်ကုန် ကိစ္စရပ်များတွင် ကောက်ခံပေးရသော ကြိုတင်ဝင်ငွေခွန် ၂% ဖြစ်ပါသည်)
  • MACCS Service Fees – MF (MACCS စနစ်အသုံးပြုခြင်းအတွက် ID/ED တစ်စောင်ခြင်း အလိုက် ကောက်ခံသွားမည့် ဝန်ဆောင်ခ အခကြေးငွေဖြစ်ပါသည်။)
  • Redemption Fine - RF, Direct Penalty -DP

(RF ဆိုသည်မှာ သွင်းကုန်/ထုတ်ကုန် ကြေညာလွှာများတွင် ဖြည့်သွင်းရမည့် အချက်အလက် များလွဲမှားခြင်း၊ ပြည့်စုံမှန်ကန်မှုမရှိခြင်း၊ အကောက်ခွန်လုပ်ထုံးလုပ်နည်း ချိုးဖေါက်ခြင်းများအတွက် ကုန်ပစ္စည်းရွေးယူနိုင်ရန် တပ်ရိုက်သည့် ရွေးယူဒဏ်ငွေ ဖြစ်ပါသည်၊ DP ဆိုသည်မှာ အထူးအမိန့် SO ကိစ္စရပ်များတွင်လည်းကောင်း အခြား ကိစ္စရပ်များတွင် သတ်မှတ်ပြဌာန်းချက် သို့မဟုတ် ကတိကဝတ်များ ချိုးဖေါက်မှုတို့အတွက် တပ်ရိုက်သည့် တိုက်ရိုက်ဒဏ်ငွေ ဖြစ်ပါသည်)

  • License Fee – LF (ကုန်ပစ္စည်းများ တင်သွင်း/တင်ပို့မှု ပြုလုပ်ရာတွင် အချို့သော ကိစ္စရပ်များတွင် ကုန်သွယ်ရေးဦးစီးဌာနအတွက် ကောက်ခံပေးရသော လိုင်စင်ခ ဖြစ်ပါသည်)

MACCS စနစ်၏ ထူးခြားသည့် လုပ်ဆောင်ချက်များ

၇။      MACCS စနစ်၏ ထူးခြားသည့် သွင်ပြင်လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • ၂၄ နာရီပတ်လုံးလုပ်ငန်းဆောင်ရွက်နိုင်သည့် စနစ်ဖြစ်သဖြင့် အလုပ်ချိန်/ရုံးချိန် ပြင်ပတွင် ကြေညာလွှာ (ID/ ED) တင်သွင်းခြင်းများကို လွယ်ကူစွာ လက်ခံဆောင်ရွက်နိုင်ခြင်း၊
  • အခွန်အရပ်ရပ် ပေးဆောင်ခြင်းအား ကြိုတင်အပ်နှံငွေ (Deposit)၊ ဘဏ်အာမခံစနစ် (Security) ဖြင့် ပေးဆောင်နိုင်ရန် ထည့်သွင်းရေးဆွဲထားခြင်း၊
  • ယခင်ကုန်ပစ္စည်းရှင်းလင်းထုတ်ယူမှုတွင် အခွန်ဆောင်ပစ္စည်းစစ်ထုတ်ယူသည့်စနစ်မှ ပစ္စည်း စစ်အခွန်ဆောင် ထုတ်ယူမှုစနစ်သို့ ပြောင်းလဲကျင့်သုံးခြင်း၊
  • စနစ်သည် ၂၄ နာရီပတ်လုံးဆောင်ရွက်သွားမည့် စနစ်ဖြစ်သောကြောင့် အခွန်အရပ်ရပ် တွက်ချက်မှုအတွက် ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်ပေးသော Daily Exchange Rate သုံးစွဲခြင်းအစား လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေမည့် Weekly Exchange Rateသုံးစွဲသည့်စနစ်သို့ပြောင်းလဲကျင့်သုံးခြင်း၊
  • Customs Risk Managementစနစ်အား နိုင်ငံတကာအဆင့်မီ စနစ်တကျ သုံးစွဲလာနိုင်ခြင်း၊
  • စနစ်ကြီးတစ်ခုလုံး အောင်မြင်စွာလည်ပတ်နိုင်ရေးသည် စနစ်တွင်ပူးပေါင်းပါဝင်ကြရမည့် အခြားသော အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၏ ပူးပေါင်း ဆောင်ရွက်မှုသည် အလွန်အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်နေခြင်း၊

ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ

၈။      ကျန်ရှိနေသေးသည့်နယ်စပ်ဒေသများသို့ MACCS/MCIS စနစ်အသုံးပြုနိုင်ရေးအတွက် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

        (က)   အကောက်ခွန်လုပ်ထုံးလုပ်နည်းများအား System တွင် ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် ဂျပန်-မြန်မာကျွမ်းကျင်ပညာရှင်များဖြင့် Working Group Meeting များ ပြုလုပ်ခြင်း၊

        (ခ)     System အား အသုံးပြုမည့် အကောက်ခွန်အရာရှိများအတွက် Software/ Hardware များ ဝယ်ယူခြင်း၊ System Management Vendor ရွေးချယ်ခြင်း၊

       (ဂ)     System User များထံမှ System အသုံးပြုသူများအတွက် လျှောက်လွှာများ လက်ခံခွင့်ပြု ခြင်း၊

       (ဃ)   System User များအတွက် သင်တန်းများပို့ချပေးခြင်း၊

      (င)     တာချီလိတ်၊ ကော့သောင်းနှင့် တမူးတို့တွင် MACCS စနစ်အား ၂၀၂၃ ခုနှစ်မှ ၂၀၂၆ အတွင်း စတင်အသုံးပြုနိုင်ရန်စီစဉ်ဆောင်ရွက်ခြင်း၊

နိဂုံး

၉။       သို့ဖြစ်ပါ၍ MACCS/ MCIS စနစ် စတင်အသုံးပြုဆောင်ရွက်ခဲ့သည့်အချိန်မှစတင်၍ သွင်းကုန်/ ထုတ်ကုန်ရှင်းလင်းရေး လုပ်ငန်းစဉ်များကို Online စနစ်ဖြင့်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ သွက်လက် မှန်ကန်မြန်ဆန်လာခဲ့ပါသည်။ ၎င်းအပြင် စနစ်တပ်ဆင်အသုံးပြုချိန်မှစ၍ သွင်းကုန်/ ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်မှုများကို နိုင်ငံတကာ စံချိန်စံညွှန်း နှင့်အညီ ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ကုန်သွယ်မှုပမာဏများ သိသာစွာတိုးတက်လာပြီး နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍများကို အထောက်အကူပြု ဆောင်ရွက်နိုင်ခဲ့ပါသည်။ MACCS စနစ် ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် အကောက်ခွန်ဦးစီးဌာနဝန်ထမ်းများအပါအဝင် စနစ်တွင် ပူးပေါင်းပါဝင်ကြရမည့် အခြားသော အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။