ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေး ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၃၀ 
“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ”၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာ တက်ရောက်ပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေသည် ရေရှည်ဆောင်ရွက်သွားရမည့် ကိစ္စဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ပင်စင်စနစ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ကော်မတီအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် ယခုအချိန်ထိ ဆောင်ရွက်ထားရှိမှုများအပေါ် အခြေခံ၍ ဆက်လက်ဆောင်ရွက်ရန်ကိစ္စများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည့် ကိစ္စများ၊ ရန်ပုံငွေစနစ်ကျင့်သုံးမည့်ပုံစံနှင့် လိုက်လျောညီ ထွေဖြစ်မည့် ဥပဒေကြမ်းဖြစ်ရေးအတွက် လိုအပ်သည်များ ပြင်ဆင်၊ ဖြည့်စွက်ပြီး ပြန်လည်တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်၍ ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ ကို ဆက်လက်ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့် က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်း အား ရှင်းလင်းဆွေးနွေးခြင်း၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဇယား၊ အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ် ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေး ကော်မတီကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၈-၉-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၁၉၉/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ သက်ဆိုင်ရာဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြား ရေးမှူးချုပ်များ ပါဝင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်များနှင့် စပ်လျဉ်း၍ ရေရှည်တည်တံ့ခိုင်မြဲပြီး အားကိုးအားထားပြုနိုင်သည့် ပင်စင်ရန်ပုံငွေစနစ်တစ်ရပ်ကို ထူထောင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေကြမ်းကို ပိုမိုပြည့်စုံစေရန် စိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေကြမ်းပြဋ္ဌာန်းပြီးပါက ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းဥပဒေရေးဆွဲရေး အကောင်အထည်ဖော်ရမည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကိုလည်း သုံးသပ်ဆွေးနွေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်