 Photo.jpg)
နေပြည်တော် ၊ မေ ၃၀
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၅-၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ပိုမိုတိုးတက်ထုတ်ချေးနိုင်ရေးအတွက် ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ ပုဂ္ဂလိကဘဏ်များမှ ပိုမိုပါဝင်ဆောင်ရွက်နိုင်ရေး၊ ချေးငွေနှုန်းထားများ တိုးမြှင့်ပြင်ဆင်ဆောင်ရွက်ရေး၊ အာမခံထားရှိမှုများ ပြောင်းလဲပြင်ဆင်သတ်မှတ်ရေးတို့အတွက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်း ပြင်ဆင်ခြင်းအား ဆောင်ရွက်နေကြောင်း၊ ဘဏ္ဍာရေးစည်းမျဉ်း ပြင်ဆင်ပြီးပါက PFI ဘဏ်များအဖြစ် ပုဂ္ဂလိကဘဏ်များပါဝင်လာမည်ဖြစ်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေများကို ပိုမိုကျယ်ပြန့်စွာ တိုးတက်ထုတ်ချေးနိုင်မည်ဖြစ်ကြောင်းနှင့် အစည်းအဝေး တက်ရောက်လာသူများမှလည်း အကြုံပြုဆွေးနွေးတင်ပြကြစေလိုကြောင်း အမှာစကားပြောကြားပါသည်။
ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေများ ပိုမိုကျယ်ပြန့်စွာထုတ်ချေးနိုင်ရေးအတွက် ဘဏ္ဍာရေးစည်းမျဉ်းပြင်ဆင်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ ထုတ်ချေးပြီးချေးငွေများမှ ပေးဆပ်ရန် အချိန်စေ့ရောက်သည့်ငွေများကို ပြန်လည်ကောက်ခံနေမှု အခြေအနေများကိုလည်းကောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပါသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်