ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၆) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်  နိုဝင်ဘာ ၂၁

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အားကောင်းခြင်းအပေါ်မှာများစွာ မူတည်လျက်ရှိကြောင်း၊ ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ရှိရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနယ်ပယ်သည် ဘဏ္ဍာငွေရရှိမှုအရင်းအမြစ်များ တိုးမြင့်ရရှိအောင်ဆောင်ရွက်ရေး၊ အသုံးစရိတ်များကို စနစ်တကျခွဲဝေရေး၊ ခွဲဝေပေးသောအသုံးစရိတ်များကို ထိရောက်စွာအကျိုးရှိရှိ သုံးစွဲနိုင်မှု ရှိ/မရှိ စောင့်ကြည့်သတ်မှတ်ရေးစသည့် အဆင့်အလိုက် လုပ်ငန်းစဉ်များစွာဖြင့် ကျယ်ပြန့်လှသည့် နယ်ပယ်တစ်ခုဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် အခြေခံသင်တန်း၊ အထူးကာလတိုသင်တန်းများအပြင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း တို့ကို ဖွင့်လှစ်လျက်ရှိကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း (၅)ကြိမ် ဖွင့်လှစ်ခဲ့ပြီး၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးအဆင့်အရာထမ်း သင်တန်းသား (၁၈၇) ဦးအား သင်ကြားပို့ချခဲ့ပြီးဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းကိုတက်ရောက်သည့် သင်တန်းသားများအနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်၊ အကြောင်းအရာများကို သေချာစွာလေ့လာသင်ကြားပြီး၊ မိမိတို့၏လုပ်ငန်းတာဝန်ထမ်းဆောင်မှုတွင် စနစ်တကျ အသုံးချသွားကြရန်ဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံ သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကား ပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
ယခုဖွင့်လှစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်းအမှတ်စဉ် (၆) တွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးအဆင့် နှင့် ဒုတိယညွှန်ကြားရေးမှူးအဆင့် အရာထမ်း (၂၇) ဦး ပါဝင်တက်ရောက်ကြပြီး၊ သင်တန်း ကာလမှာ ရက်သတ္တပတ်(၅) ပတ် ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်